မော်တော်ယာဉ်မူဝါဒသစ်ကြောင့် မြင့်တက်နေသော စလစ်စျေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်း

မော်တော်ယာဉ်မူဝါဒသစ်ကြောင့် မြင့်တက်နေသော စလစ်စျေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်း
နိုင်ငံခြားမှ တင်သွင်းသည့် တစ်ပါတ်ရစ်ကားများကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ)

၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒသစ်ထွက်ပေါ်ပြီးနောက်ပိုင်း ဆက်တိုက် မြင့်တိုက်ခဲ့သော စလစ်ဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်လည် ကျဆင်းလာကြောင်း မော်တော် ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်  အဆိုပါမူဝါဒသစ်အား ထုတ်ပြန်ခဲ့ပြီးနောက် အမည်ပေါက် စလစ်တစ်စောင်လျှင် ၁၁၅ သိန်းဝန်း ကျင်မှ ကျပ် ၁၄၃ သိန်းနီးပါးသို့ မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း စလစ်တစ်စောင်လျှင် ကျပ် သိန်း ၁၃၈ ဝန်းကျင်သို့  ကျပ် ၅ သိန်းနီးပါး ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

'' စလစ်ဈေးက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကနေပြီး တရိပ်ရိပ်တက်လာလိုက်တာ ၁၄၂/၁၄၃ သိန်းမှာ ရပ်သွား တယ်။ အမည်ပေါက်ကိုပြောတာ။ မနေ့ကနဲ့ ဒီနေ့မှာ နည်းနည်းလေး ပြန်ဆင်းသွားတယ်။ ၁၃၇/၁၃၈ မှာ ရောင်းမယ့်သူနည်းနည်းများတာကိုတွေ့ရတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ စလစ်ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ မူဝါဒသစ်အရ ကန့်သတ်ထားသည့် ပြည်တွင်း လူကြိုက် များသည့် မော်တော်ယာဉ်အမျိုးအစားများအား မူဝါဒသစ်မစတင်မီ အချိန်ကာလအတွင်းတင်သွင်းနိုင်ရန် လုပ်ငန်းရှင်အချို့မှ လိုက်လံဝယ်ယူများကြောင့် စလစ်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဖြိုးဖြိုးမော်တော်ယာဉ်အရောင်းစင်တာမှ ဦးသိန်းနိုင်က " စလစ်ဈေးက အရမ်းကြီးတက်ထားပြီး ဝယ်လိုအား နည်းနည်းကျသွားတော့ ဈေးနှုန်းနည်းနည်း ပြန်ဆင်းသားတဲ့သဘောပါ။ ဈေးကွက် သဘောကတော့ ရောင်းလို အား၊ ဝယ်လိုအားပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်တာပေါ့။ " ဟု ဆိုသည်။

သို့ရာတွင် လက်တလောတွင် ဈေးနှုန်းမြင့်လာမှုကြောင့် ဈေးကွက်အတွင်း ရောင်းလိုအား မြင့်တက်လာခြင်းနှင့် ဝယ်လိုအားပြန်လည်ကျဆင်းခြင်းများကြောင့် စလစ်ဈေးနှုန်များလည်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်း ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အချို့က ဆိုသည်။

ယင်းအပြင် ဦးမင်းမင်းမောင်က '' တစ်ချို့ကလည်း ကားဟောင်းတစ်စီး၊ အပ်ကားတစ်စီးကို နဂိုက ၁၀၀ လောက်ပဲ ရှိရာကနေ အခု ၁၃၀ လောက်ဖြစ်တဲ့အခါကြတော့ သူတို့ကားက ဒီလောက်မှ မတန်တာ ဒီလောက် ရပြီဆိုပြီးရောင်းချင်ကြတယ်။ နောက်နှစ်ကြရင် စလစ်ဈေးနှုန်းကလည်း သိတဲ့အတိုင်းပဲ ၁၀၀ အောက်ကို ဆင်းလဲ ဆင်းသွားနိုင်တယ်။ ၁၀၀ လောက်မှာ တန်းရင်လည်း တန်းသွားနိုင်တယ်။ သုံးဆယ်လောက်က ဟ သွားနိုင်တယ်။ အဲဒါကြောင့် ဒီအချိန်မှာ ထွက်ရောင်းတဲ့လူကများတဲ့အခါကြတော့ နည်းနည်းလေးပြန်ဆင်းသွား တယ်"ဟု သုံးသပ်သည်။

မော်တော်ယာဉ်တင်သွင်းမှု မူဝါဒသစ်အရ ယာဉ်အို/ယာဉ်ဟောင်းအစီအစဉ် (Consignment စနစ်အပါ အဝင်) ဖြင့် လူစီးမော်တော်ယာဉ် ပြန်လည်တင်သွင်းပါက ၂၀၁၄ မှ ၂၀၁၅ အကြား ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly