ငါးဖမ်းလှေပေါ်၌ သင်းခွေချပ် ၁၀၁ ကောင်ခန့် အင်ဒိုနီးရှားအာဏာပိုင်များ ဖမ်းဆီးရမိ

ငါးဖမ်းလှေပေါ်၌ သင်းခွေချပ် ၁၀၁ ကောင်ခန့် အင်ဒိုနီးရှားအာဏာပိုင်များ ဖမ်းဆီးရမိ

 

ပီကန်ဘာရူ၊ အင်ဒိုနီးရှား၊ အောက်တိုဘာ ၂၆ ။                  ။ အင်ဒိုနီးရှားအာဏာပိုင်များသည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ဒေါ်လာ ၁.၅သန်းခန့် တန်ကြေးရှိသော မျိုးတုံး ပျောက်ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် သင်းခွေချပ်အရှင် အကောင် ၁၀၀ ကျော်ကို ငါးဖမ်းလှေပေါ် မှ ဖမ်းဆီရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆူမားတြားကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းပေါ်မှ ငါးဖမ်းလှေတစ်စီးကို အင်ဒိုနီးရှားအာဏာပိုင်များက စီးနင်း ရှာဖွေရာတွင် ယခုလို သင်းခွေချပ်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ရေတပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မှောင်ခိုသမားများသည် သင်းခွေချပ်များကို မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်တင်ပို့ရန် ကြိုးပမ်းနေကြ သည်ဟု ဒေသခံများက သတင်းပေးခဲ့သည့်အတွက် အာဏာပိုင်များက ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသက် ၂၂နှစ်နှင့် ၂၅နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးက မလေးရှားနိုင်ငံအတွင်းသို့ သင်းခွေချပ်များ တင်ပို့ပေးရန် ပိုက်ဆံရရှိထားကြောင်း ထွက်ဆိုခဲ့ကြသည်။

ဖမ်းဆီးခံရသောအမျိုးသားနှစ်ဦးသည် ပြစ်မှုထင်ရှားကြောင်း တရားရုံးမှဆုံးဖြတ်ချက်ချခဲ့ပါက အင်ဒိုနီးရှား၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအရ ထောင်ဒဏ်ငါးနှစ်ကျခံရနိုင်ပြီး ဒဏ်ကြေး ဒေါ်လာ ၇၃၀၀ ခန့် ပေးချေရနိုင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အင်ဒိုနီးရှားရေတပ်ဟာ သင်းခွေချပ်အရှင် ၁၀၁ ကောင်ခန့်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ လေးကောင်သေဆုံးသွားခဲ့ပါတယ်” ဟု ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ အကြီးအကဲဖြစ်သူတစ်ဦးက ပြောခဲ့သည်။

သင်းခွေချပ်များသည် အရှေ့တောင်အာရှနှင့် အာဖရိကတိုက်တို့၌ နေထိုင်ကျက်စားကြသော အရေခွံထူထူ သတ္တဝါများဖြစ်ကြပြီး ကမ္ဘာပေါ်တွင် တရားမဝင်ကုန်ကူးမှုအခံရဆုံးသော   နို့တိုက်သတ္တဝါများဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags