ယနေ့ ည ဆယ်နာရီတွင် မီးသဂြိုလ်မယ့် ဘုရင်ကြီး စျာပနတော်သို့ ထိုင်းပြည်သူ နှစ်သိန်းကျော် ရောက်ရှိနေ

ယနေ့ ည ဆယ်နာရီတွင် မီးသဂြိုလ်မယ့် ဘုရင်ကြီး စျာပနတော်သို့ ထိုင်းပြည်သူ နှစ်သိန်းကျော် ရောက်ရှိနေ

 

ဘန်ကောက်၊ အောက်တိုဘာ ၂၆ ။                ။ ထိုင်းပြည်သူတွေ ကြည်ညိုကြတဲ့ သက်တော် ၈၈ နှစ်မှာ နတ်ရွာစံသော ဘုရင်ကြီး ဘူမိဘောရဲ့ တော်ဝင်ဈာပနတော်ကို စတင်ပြီဖြစ်တာကြောင့် ဘန်ကောက်က လောင်တိုက်တော်ရှိရာ အရပ်မှာ ရောက်ရှိနေတဲ့ ပြည်သူပေါင်းဟာ နှစ်သိန်းကျော်ထက်မနည်း ရှိနေပါတယ်။

ဘုရင်ကြီးဘူမိဘောကို ဒီကနေ့ည ဆယ်နာရီမှာ မီးသဂြိုလ်တော်မူမှာဖြစ်တာကြောင့် ဈာပနတော် စတင်တဲ့ ဒီနေ့ နေ့အစမှာ သားတော်ဖြစ်သူ အရိုက်အရာဆက်ခံတဲ့ ဘုရင် မဟာဝါဇီရာလောင်ကွန်းဟာ နန်းစဉ် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး နန်းတော်ရာမှာ ဘုန်းတော်ကြီးတွေထံ ဆည်းကပ်လျက် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့ အညီ အသုဘနာရေးကို စတင်ပါတယ်။

ဘုရင်ကြီး ဘူမိဘောဟာ အောက်တိုဘာလအတွင်း နတ်ရွာမစံမီ အချိန်က ကမ္ဘာ့မှာ နန်းစံသက် အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ဆယ်စုနှစ်ခုနစ်ခုကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၆ အောက်တိုဘာ ၁၃ ရက်မှာ ဘုရင်ကြီး ဘူမိဘော နတ်ရွာစံသွားမှုဟာ ထိုင်းပြည်သူတွေအတွက် ယူကျုံးမရ ဝမ်းနည်းမှုကို ဖြစ်စေခဲ့ပါတယ်။ အရိုက်အရာဆက်ခံတဲ့ သားတော်ဖြစ်သူ မဟာဝါဇီရလောင်ကွန်းဟာ ပြည်သူနဲ့ အထိအတွေ့ နည်းခဲ့သူဖြစ်ပြီး ၎င်းအကြောင်းနဲ့ ပတ်သက်ပြီးလည်း သိရှိရမှု နည်းပါးလို့ပဲဖြစ်ပါတယ်။

ဘုရင်ဘူမိဘောဟာ အမေရိကန်နိုင်ငံ မန်ဆာချုးဆက်ပြည်နယ် ကမ်းဘရိတ်ချ်မှာ မွေးဖွားပါတယ်။ ဆွန်ခလာ မင်းသား၊ မင်းသမီး Mahidol တို့ရဲ့ တတိယမြောက်နဲ့ အငယ်ဆုံးသားဖြစ်ပြီး ၁၉၂၇ ဒီဇင်ဘာ ၅ ရက် တနလာၤနေ့မှာ ဖွားမြင်ခဲ့တာပါ။

အစ်ကိုတော်ဖြစ်သူ ဘုရင် အန်နန်ဒါမာဟီဒေါ ကံတော်ကုန်ပြီးနောက် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်က စတင်ပြီး ကိုးဆက်မြောက် ရာမမင်းအဖြစ် ထိုင်းထီးနန်းကို စိုးစံခဲ့သူဖြစ်ပါတယ်။

ဘုရင်ကြီး ဘူမိဘောဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအကွဲအပြဲတွေကြားမှာ ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ရှိနေခဲ့ပြီး ထိုင်းပြည်သူတွေရဲ့ ဖခင်သဖွယ် ချစ်မြတ်နိုးမှုကို ခံရတဲ့ နန်းစံသက် အရှည်ဆုံး ဘုရင်ကြီးလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly