အကြမ်းဖက်ဝါဒကို အိန္ဒိယနှင့်လက်တွဲ၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမေရိကန်ကတိပေး

အကြမ်းဖက်ဝါဒကို အိန္ဒိယနှင့်လက်တွဲ၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမေရိကန်ကတိပေး

 

နယူးဒေလီ၊ အောက်တိုဘာ ၂၆ ။                  ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ၏နိုင်ငံအနေဖြင့် အိန္ဒိယအစိုးရနှင့်လက်တွဲ၍ အကြမ်းဖက်ဝါဒကို ပူးပေါင်း တိုက်ဖျက်သွားမည်ဖြစ်ပြီး အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားမှုအပေါ်လည်း သည်းခံသွားမည်မဟုတ် ကြောင်း ပါကစ္စတန်ကိုရည်ညွှန်းသွယ်ဝိုက်၍ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးရေးဝန်ကြီး ရက်စ်တေလာဆန်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆက်ရှ်မာဆွာရတ်ချ်နှင့် တွေ့ဆုံ ပြီးနောက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံနဲ့အတူ ရင်ဘောင်တန်းပြီးတော့ အကြမ်းဖက်ဝါဒကို ဆက်လက်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပါတယ်” ဟု တေလာဆန်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ကာဘူးလ်မြို့နှင့် အစ္စလမ်မာဘတ်မြို့တို့သို့ သွားရောက်ပြီးနောက် အင်္ဂါနေ့ညက အိန္ဒိယနိုင်ငံ၏မြို့တော်သို့ ရောက်ရှိလာခဲ့သော တေလာဆန်သည် တောင်အာရှဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဖော်ဆောင် ရန်နှင့် အကြမ်းဖက်ဝါဒကိုတိုက်ဖျက်မှုတို့အတွက် အိန္ဒိယ၏အရေးပါသော အခန်းကဏ္ဍကိုလည်း ပြောကြားခဲ့ သည်။

“အာဖဂန်နစ္စတန်ရဲ့ ပါလီမန်အဆောက်အဦးအပါအဝင် ဆယ်လ်မာရေကာတာကြီးကို တည်ဆောက်ပေးပြီး အာဖဂန်နစ္စတန်နိုင်ငံဖွံ့ဖြိုးတိုက်တက်ဖို့အတွက် ရက်ရောတဲ့ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ အိန္ဒိယကို ကျနော်တို့ အသိအမှတ်ပြုပါတယ်” ဟု တေလာဆန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြီးခဲ့သောသြဂုတ်လက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်တပ်သားအသစ်များကို အင်အား ဖြည့်စွက်မှုအပါအဝင် အာဖဂန်နစ္စတန်အပေါ် နည်းဗျူဟာအသစ်များ ချမှတ်သွားမည်ဟု ကြေညာခဲ့ပြီး တပ်သားများကို ပြန်လည်ခေါ်ဆောင်ဖို့ အစီအစဉ်မရှိသေးကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆွာရက်ချ်ကလည်း အိန္ဒိယအစိုးရသည် အာဖဂန်နစ္စတန်ကို ဘေးကင်းအောင်  လုပ်ဆောင်ပေးလိုကြောင်းနှင့် ပါကစ္စတန်အစိုးရအနေဖြင့်လည်း ၎င်း၏နိုင်ငံအတွင်း၌ အကြမ်းဖက်အုပ်စုများ လာရောက်ခိုလှုံ၍မရအောင် ဖြိုခွင်းသင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags