လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း

လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း

ရေးသားသူ Phyo Wai Yan 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. 

 (လိင်တံထိပ်အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း) ဆိုတာဘာလဲ

Circumcision ဆိုတာ လိင်တံထိပ်ရှိ အရေပြားအားဖြတ်တောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ Circumcisionကို အချို့နိုင်ငံတွေမှာ မွေးကင်းစယောကျ်ားလေးတွေမှာ လုပ်လေ့ရှိပါတယ်။ Circumcision ကို မွေးမွေးပြီးချင်း မလုပ်လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ရတာ ပိုရှုပ်ထွေးလာပါလိမ့်မယ်။

ကလေးငယ်တွေကို လိင်တံထိပ် အရေပြားဖြတ်တောက်တာ ဘယ်လို အကျိုးကျေးဇူးတွေရလဲ လေ့လာကြတဲ့အခါမှာ အမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။

လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းက –
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း
• လိင်တံကင်ဆာ
• HIV/AIDS အစရှိသော လိင်မှတစ်ဆင့် ကူးဆက်တတ်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်သည်ဟုသိရပါတယ်။
လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်း ရဲ့သိသာတဲ့ အကျိးကျေးဇူးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပထမ ၃လ ကနေ ၆ လ အတွင်းမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောက်ျားလေးတွေမှာ ဖြတ်ထားသော ယောက်ျားလေးတွေထက် ဆယ်ဆပိုများပါတယ်။ မွေးကင်းစကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက နောက်ပိုင်းတွင် ကျောက်ကပ်ရောဂါများသို့ ဦးတည်သွား နိုင်ပါတယ်။ အဲဒီရောဂါကို ပဋိဇီဝဆေးများနဲ့ အလွယ်တကူ ကုသနိုင်ပါတယ်၊ လိင်တံထိပ်အရေပြားဖြတ်တောက်တဲ့အထိ လုပ်ရန် မလိုအပ်လောက်ပါ။

လိင်တံထိပ်အရေပြားကို မွေးကတည်းက မဖြတ်တောက်ခဲ့တဲ့ လူတွေဟာ လိင်တံကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများကြောင်း အချို့လေ့လာမှုတွေမှာ တွေ့ရှိရပါတယ်။ သို့သော် လိင်တံကင်ဆာသည် လိင်တံထိပ်အရေပြား ဖြတ်တောက်ထားသူဖြစ်စေ၊ မဖြတ်တောက်ထားသူဖြစ်စေ အမျိုးသားအားလုံးတွင် အလွန်ရှားပါးပါသည်။ လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းသည် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါတွေကို လျော့နည်းစေတယ်လို့လဲ တွေ့ရှိရပါသေးတယ်။ ဒါပေမဲ့ လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်းက အဓိကလား၊ ကွန်ဒုံးနဲ့လိင်ဆက်ဆံသူအရေအတွက် အစရှိတဲ့ အခြားသောအကြောင်းအရာတွေက အဓိကလား ဆိုတာကိုတော့ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကလေးကို လိင်တံထိပ် အရေပြားမဖြတ်တောက်ခင် ဘာတွေသိထားသင့်လဲ။

အချို့မိသားစုတွေမှာ လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းက ဘာသာရေးအစဉ်အလာတစ်ခုပါ။ မိသားစုရိုးရာဓလေ့၊ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက်လုပ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း အချို့လူတွေက လိင်တံထိပ်အရေပြားဖြတ်တောက်ဖို့ မလိုအပ်ဘူး (သို့ ) ပုံပျက်နိုင်တယ်လို့ ထင်ကြပါတယ်။ လိင်တံထိပ်အရေပြားဖြတ်တောက်ပြီးနောက် မဖြတ်ခင်လိင်တံပုံစံအတိုင်း ပုံပြန်သွင်းဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။

လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းအပြင် အခြားနည်းလမ်းတွေရှိသေးလား။

BXO (လိင်တံအရေပြား ရောဂါ) ရှိသည်ဟု သံသယရှိပါက လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းက တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
အခြားသောအခြေအနေများအတွက် Dorsal Slit Operation (သို့) preputioplasty စသည့် ခွဲစိတ်နည်းများကို အကြံပြုနိုင်ပါတယ်။
ကလေးတွင် BXO ရောဂါ မရှိပါက Dorsal Slit Operation ကိုအကြံပြုလိုပါတယ်။ ထိုကုထုံးတွင် လိင်တံထိပ်ဖူးအရေပြားကိုလှန်ခြင်း ပါဝင်ပါတယ်။

လိင်တံထိပ် အရေပြား မဖြတ်တောက်ခင် ဘာတွေလုပ်ရမလဲ။

လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်း မလုပ်ခင် ဆရာဝန်က ရလာမည့် ကောင်းကျိုးဆိုးကျိုးများကို ရှင်းပြပါလိမ့်မယ်။ သင့်သားကို လိင်တံထိပ်အရေပြားဖြတ်တောက်မည်ဆိုပါက သင်ရဲ့သဘောတူလက်မှတ်ကို လိုကောင်းလိုပါလိမ့်မယ်။ ခွဲစိတ်မှုမလုပ်ခင် သင့်ရင်သွေးရဲ့မကြာမီကခံယူခဲ့တဲ့ဆေးကုသမှု၊ ဓာတ်မတည့်မှု နဲ့ ကျန်းမာရေးအခြေအနေတို့ကို ဆရာဝန်နဲ့အရင်ဆွေးနွေးရပါမယ်။ ပြီးနောက် မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံကာ သင့်ရင်သွေးရဲ့မေ့ဆေးအတွက် အတူတကွ စီစဉ်ရပါမယ်။ ခွဲစိတ်မလုပ်ခင်ဘယ်အချိန်မှာ စားသောက်တာကိုရပ်ရမယ် စတဲ့ဆရာဝန်လမ်းညွှန်ချက်တွေကို လိုက်နာဖို့အရေးကြီးပါတယ်။

ခွဲစိတ်မှုရဲ့ပုံမှန်လုပ်ငန်းစဉ်ကဘာလဲ။

ခွဲစိတ်မှုကို များသောအားဖြင့် မေ့ဆေးနဲ့ပဲလုပ်ပါတယ်။ ၃၀ မိနစ်လောက်ကြာလေ့ရှိပါတယ်။
ခွဲစိတ်ဆရာဝန်က လိင်တံထိတ်ဖူး အရေပြားကိုဖယ်ရှားပြီး သွေးကြောသေးသေးလေးတွေကို ပိတ်လိုက်ပါလိမ့်မယ်။ ထို့နောက် အရေပြားအစွန်းနှစ်ဖက်ကို တွဲချုပ်လိုက်ပါမယ်။

ခွဲစိတ်မှုပြီးပါက ဘာတွေလုပ်သင့်သလဲ။

လိင်တံထိပ်အရေပြားဖြတ်တောက်ထားတဲ့ လိင်တံကို ဆပ်ပြာနဲ့ ရေသုံးပြီး နေ့တိုင်း (သို့) သေးခံ ညစ်ပေတိုင်း ဆေးရပါမယ်။ ပတ်တီးစည်းထားပါကလည်း သေးခံလဲတိုင်း ပတ်တီးကို သန့်စင်ပေးရပါမယ်။ ထွက်နေသောလိင်တံ ထိပ်ဖူးကို သေးခံနှင့် ဆီးတို့ကြောင့် ယားယံနာကျင်မှု မရှိစေရန် ဟိုက်ဒရိုကာဗွန်ပါဝင်သော ချောဆီဂျယ်လီ လိမ်းပေးနိုင်ပါတယ်။
အနည်းငယ်ရောင်ခြင်း၊ သွေးထွက်ခြင်းနဲ့ အသားမာ တက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ၅ရက် မှ ၇ရက် အတွင်းမှာ ပျောက်ကင်းနိုင်ပါတယ်။
• သွေးမတိတ်ခြင်း၊ သွေးအလွန်အကျွံထွက်ခြင်း
• သေးခံက လိင်တံထိပ် အရေပြားဖြတ်အပြီး ၆နာရီ မှ ၈နာရီ ကြာသည်အထိ ခြောက်သွေ့နေခြင်း
• ၃ရက် မှ ၅ရက် ကြာသော်လည်း နီခြင်း၊ရောင်ခြင်းတို့မပျောက်သွားခြင်း(သို့) ပိုဆိုးလာခြင်း။
• အဝါရောင်အရည် ထွက်ခြင်း (သို့) ပေကျံခြင်းတို့ ၇ရက် လောက်အကြာတွင်ဖြစ်နေခြင်း။
• ကလေး ၁၀၀.၄ ဒီဂရီ နဲ့ အထက် ဖျားနေခြင်း။
• ၇ရက်၁၂ရက်အတွင်း Plastibell (လိင်တံထိပ်အရေပြား ဖြတ်တောက်ရာတွင် ကူညီသောပစ္စည်းဖြစ်ပြီး ပုံမှန် ၅ ရက် မှ ၁၀ ရက် အကြာတွင် ကွာကျရမည်။) မကွာကျခြင်း။
စသည်တို့ဖြစ်ပါက ဆရာဝန်ထံအကြောင်းကြားပါ။

ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။

အဖြစ်များဆုံးကတော့သွေးထွက်ခြင်းနဲ့ပိုးဝင်ခြင်းပါ။ မေ့ဆေး၊ ထုံဆေးနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။
ရှားရှားပါးပါးလိင်တံထိပ် အရေပြားမှာ ပြဿနာဖြစ်တာလည်း ရှိနိုင်ပါတယ်။ဥပမာအားဖြင့်-
• အရေပြားကို အရမ်းတိုအောင် ၊ (သို့) ရှည်အောင် ဖြတ်မိခြင်း။
• ထိုအရေပြားက ပုံမှန်အနာမကျက်ခြင်း။
• ဖြတ်တောက်ပြီး ကျန်ရစ်သော အရေပြားက လိင်တံထိပ်ကိုပြန်သွားကပ်နေခြင်း။ အသေးစားခွဲစိတ်ပြုပြင်မှု လိုအပ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly