၉/၁၁ တိုက်ခိုက်မှုဖြင့် ထောင်ကျဖူးသူအား အိုင်အက်စ်နှင့် ချိတ်ဆက်မှုဖြင့် စပိန်ရဲများ ထပ်မံဖမ်းဆီး

၉/၁၁ တိုက်ခိုက်မှုဖြင့် ထောင်ကျဖူးသူအား အိုင်အက်စ်နှင့် ချိတ်ဆက်မှုဖြင့် စပိန်ရဲများ ထပ်မံဖမ်းဆီး

မဒရစ်၊ အောက်တိုဘာ ၂၅ ။                  ။ ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းအတွက် ယခင်က ဖမ်းဆီးထောင်ချခံရဖူးသူ စပိန်နိုင်ငံသား တစ်ဦးသည် အိုင်အက်စ်အဖွဲ့ဝင်ထားသဖြင့် ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ဖမ်းဆီးထားသူသည် အစွန်းရောက်အဖွဲ့ဝင်ဖြစ်ခြင်းနှင့် လက်နက်များ တရားမဝင်ပိုင်ဆိုင်ခြင်းတို့ကြောင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ်
ကိုးနှစ်နှင့် ခြောက်လ ချမှတ်အပြစ်ခံရသူ အသက် ၅၂ နှစ်ရှိ ယူဆက်ဖ်ဂါလန်ဆိုသူဖြစ်ပြီး ၎င်းမှာ ၂၀၁၁ က ထောင်က လွတ်မြောက်ခဲ့သူဖြစ်ကြောင်း စုံစမ်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က EPA သတင်းဌာနသို့ ပြောသည်။
၎င်းသည် အယ်လ်ခိုင်ဒါဆဲလ်တစ်ခုမှ တစ်ဦးတည်းသော စပိန်အဖွဲ့ဝင်ဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုဖြင့် စပိန်တရားရုံးက စီရင်ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။

“သူဟာ လွတ်လာပြီးနောက်မှာ ဆိုင်ဘာစစ်သားဆိုပြီး အင်တာနက်မှာ ပရိုဖိုင်ဖွင့်လုပ်လာတယ်။ ဒါကတော့ အစွန်းရောက်အယူအဆတွေကို ဖြန့်ဝေတာ၊ ဝါဒဖြန့်တာတွေ လုပ်တဲ့ ဂျီဟတ်တိုက်ခိုက်ရေးသမားတစ်ဦးရဲ့ ဒုတိယတော်လှန်ရေးဆိုပြီး လုပ်လာတာဖြစ်တယ်။”ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဖော်ပြသည်။

ဂါလန်သည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်ဟု ဆိုထားသော်လည်း ရဲစုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ချက်အရ ၎င်းသည် အွန်လိုင်းတွင် အစွန်းရောက်များနှင့်   ပါဝင်ပတ်သက်ကာ လှုပ်ရှားနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဂါလန်သည် ဝါဒဖြန့်သွတ်သွင်းခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆက်လက်လုပ်ဆောင်ခြင်းအပြင် တိုက်ခိုက်ရေးနည်းစနစ်များ သင်တန်းပေးခြင်းများကိုပါ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စွပ်စွဲထားပြီး “ဗီဒီယိုများတွင် ဓားကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ကစားလျက် အစွန်းရောက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်းပြင်းပြပြ ဆော်သြထားသော စာတမ်းများနှင့်အတူ” တွေ့ရကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုပြင် ဂါလန်သည် လူသစ်စုဆောင်းထားသူများအား အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သည်အထိ စိတ်ဓာတ်ရိုက်သွင်းမှုများ လုပ်ဆောင်ရာတွင်လည်း
ပါဝင်နေသူတစ်ဦးအဖြစ် ယူဆရကြောင်း ယင်းထုတ်ပြန်ချက်က ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly