ထူးခြားပဟေဠိဖြစ်စရာ ပါရမီရှင် ပန်းချီဆရာမလေး

25 October 2017
ထူးခြားပဟေဠိဖြစ်စရာ ပါရမီရှင် ပန်းချီဆရာမလေး

စကားလည်းမပြောတတ်၊ နားလည်းမကြား၊ ပန်းချီပညာကိုလည်း သင်ယူထားခြင်းမရှိဘဲနဲ့ လက်ရာ မြောက်လှတဲ့ ရိုးရာပန်းချီတွေကို ၊ တစ်ခြား ပန်းချီဆရာကြီးတွေလို အနုစိတ်ဆွဲနိုင်တယ်လို့ ပြောရင် ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုလုပ်နိုင်တဲ့ အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ သူ့အကြောင်းကို သတင်းထောက် ကောင်းထက်စံ က ရိုက်ကူး တင်ဆက်ပေးထားပါတယ်။

သာမန်ပန်းချီဆရာတွေနဲ့ မတူဘဲနဲ့ ၊ တကယ်တမ်းကို ထူးခြားတာက ရခိုင်ရှေးဟောင်း နန်းတွင်းက ကကွက် ကဟန်တွေ ၊ ပြီးတော့ ဘုရင့်ညီလာခံတွေ ၊ မင်းညီမင်းသားတွေ တွေ့ဆုံတာတွေ ၊ စစ်ဖြစ်တာတွေ ၊ ဒါတွေကိုပဲ ဆွဲထားတာက ထူးခြားမှုဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ထူးဆန်းပြီး ၊ ပဟေဠိသဖွယ် ဖြစ်ရတဲ့ ပန်းချီဆရာမတစ်ဦး ရှိပါတယ်။ သူ့နာမည်က မအေးသန်းဦးသူဟာ စကားလည်းမပြောတတ်သလို ၊ နားမကြားတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ စွမ်းတာတွေတော့ ရှိပါတယ်။

မအေးသန်းဦး၏ ညီမ ပြောပြတာက . . . .

ကျွန်မ ငယ်ငယ်လေးကတည်းက မှတ်မိသလောက်ဆိုရင် သူဟာ ကျန်းမာရေးမကောင်းတာ ခဏခဏဖြစ်တယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ကျွန်မ မှတ်မိသလောက်ဆိုရင်၊ သူဟာ နေမကောင်းဖြစ်တော့မယ်ဆိုရင် ၊ မဖြစ်ခင် တစ်ရက်အလိုလောက်မှာဆိုရင် တအားငိုတယ်။ နောက်ပြီးတော့ သူက ဆံပင်အရှည်ထားတယ်။ အဲဒီဆံပင် ဖြတ်လိုက်ပြီဆိုရင်လည်း နေမကောင်း ဖြစ်တယ်။ နောက် ထူးထူးခြားခြား မှတ်မိတာဆိုရင်လည်း၊ ၈၈ အရေးအခင်းတုန်းက အဖေက စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ထောင်ကျဖူးတယ်။ အဲဒီတုန်းက ထောင်တွေဖောက်ပြီးတော့ ပြေးကြတာပေါ့နော် ၊ အဲဒီတုန်းက ကျွန်မတို့ မြောက်ဦးမြို့မှာ ခဏသွားနေတယ်။ အဲဒီတုန်းက ညနေပိုင်း အနီးနားက ရွာလေးတစ်ရွာမှာ ဇာတ်လေးတစ်ခု ကတယ်ပေါ့နော်။ အဲဒီတုန်းက ဆိုရင် ဇာတ်ထဲမှာပါတဲ့ ဇာတ်ထုတ်ပေါ့ ၊ ရာဇဝင်ကားလေးတွေဆိုရင် သူက တအားငိုတယ်။ အဲဒီလိုမျိုးတွေ လည်း ခဏခဏ ကြုံရပါတယ်။  ။

ပုံဆွဲတယ်ဆိုပေမယ့် သူကတော့ ပုံတိုင်းကို မရေးဆွဲပါဘူး။ သူရေးဆွဲတာက တစ်မျိုးပဲရှိပါတယ်။ အဲဒါက ရခိုင်းသမိုင်းလို့ ခေါ်လို့ရတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ ရခိုင်နန်းတွင်းပုံတွေ ၊ မင်းသား မင်းသမီးပုံ တွေ ၊ စစ်ထွက်နေတဲ့ပုံတွေ၊ အပျိုတော်ပုံတွေ စတာတွေ ဖြစ်ပါတယ်။ သူဟာ စွံ့အ နားမကြားသူဖြစ် ပြီး၊ ကျောင်းစာလည်း လုံးဝ မသင်ခဲ့ရသလို ၊ ရခိုင်တွေရဲ့ သမိုင်းကိုလည်း သိရှိသူမဟုတ်ပါဘူး။ ဒါပေမယ့် သူရေးလိုက်တဲ့ နန်းတွင်းထဲက ပုံတွေကတော့ ရခိုင်သမိုင်းစာပေတွေထဲက၊ လက်ရာတွေနဲ့ အားလုံး နီးပါး တူညီနေတာဖြစ်ပါတယ်။ နောက်ပြီး သူ့ကို ပန်းချီပညာနဲ့ပတ်သက်လို့ သင်ကြားပေးသူ လုံးဝ မရှိပါဘူး။ ဒါပေမယ့် သူ ပုံတွေကို ဘာဖြစ်လို့ဆွဲတယ်ဆိုတာကို ပြောပြထားပါတယ်။

ဦးကျော်ဇံမောင် (မအေးသန်းဦး၏ မိတ်ဆွေ ပန်းချီဆရာ)ပြောတာက . . .

သူက မျက်စိအာရုံထဲမှာ မြင်တဲ့အတိုင်း ဆွဲလို့ မရဘူးတဲ့။ သူ့ကို စောင့်ရှောက်တဲ့ အဖိုးက ကြွလာပြီ ဆိုမှ ၊ ဘုရားကန်တော့ပြီးတော့မှ ဆွဲတော့မှ ပုံကောင်းကောင်းထွက်တယ်တဲ့။ ဒါဟာ သူ့ရဲ့ ပင်ကိုယ် သူ့အဖိုးက ခွင့်ပြုမှသာလျင် ဆွဲရတယ်။ ဒီပုံတစ်ပုံတစ်ပုံ ဆွဲလိုက်ဆိုပြီးတော့ ဆွဲခိုင်းလို့တော့ မရဘူး။ သူ့ကို စောင့်ရှောက်တဲ့ အဖိုးက သုံးပါးရှိတယ်လို့လည်း ပြောပါတယ်။  ။

သူဟာ စွံ့အနားမကြားသူတစ်ယောက် ဆိုပေမယ့် မိသားစုရဲ့ စားဝတ်နေရေးကို ထောက်ပံ့နေသူ တစ်ဦးပါ။ နေထိုင်တဲ့လမ်းထိပ်မှာ ကွမ်းယာရောင်းရင်း ပန်းချီဆွဲပါတယ်။ ဆိုင်မှာရောင်းတဲ့ ကုန်ပစ္စည်း တွေကိုလည်း သူကိုယ်တိုင်ပဲ ဝယ်ပါတယ်။ သူ စိတ်ပါတဲ့အချိန်ဆို ဘာမှမလုပ်ပဲ ပုံတွေကိုပဲ ရေးဆွဲနေ သူတစ်ယောက် ဖြစ်ပါတယ်။

မအေးသန်းဦး၏ ညီမပြောပြတာက . . .

သူ့ပညာရေးကတော့ ကျောင်းလည်းမတက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စကားလည်းမပြောတတ် ဘူး၊  နားကလည်း မကြားဘူးဆိုတော့ ၊ ဒါပေမယ့် အိမ်မှာတော့ ကျွန်မ စာဖတ်တဲ့အချိန်တွေဆိုရင် အမြင်က ကောင်းတယ်ဆိုတော့၊ ဒါက ဘယ်လိုခေါ်တယ် ဘယ်လိုမျိုးရေးတယ် ၊ ဒါပေမယ့် သူ့နာမည် ကိုတော့ ရေးတတ်တယ်ပေါ့နော်။ အိမ်ကတော့ သင်ပေးထားတာပေ့ါ။    ။

နားမကြား စကားမပြောတတ်သူတစ်ယောက်ကနေ ၊ ရှေ့ဟောင်း ရခိုင်သမိုင်းတွေက ပုံတွေကို သင်ကြားပြသပေးသူမရှိဘဲ ၊ ရေးဆွဲနေတာကတော့ အယူအဆတစ်ချို့နဲ့ ကွဲချင်ကွဲနေမှာပါ။ မအေးသန်းဦး ဆွဲထားတဲ့ ပန်ချီကားတွေကတော့ အားလုံး မြင်တွေ့ရတဲ့အတိုင်းပဲ ဖြစ်ပါတယ်။

 

Mizzima Weekly