ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ဆုံးရှုံးမှုတန်ဖိုး နိုဝင်ဘာလဆန်းပိုင်း ထွက်ဖွယ်ရှိ

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ဆုံးရှုံးမှုတန်ဖိုး နိုဝင်ဘာလဆန်းပိုင်း ထွက်ဖွယ်ရှိ
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန်၊ အောက်တိုဘာ ၂၅  ။                   ။ ဟိုတယ်တစ်ခုလုံးနီးပါး Level 5 အဆင့်ဖြင့် မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဆုံးရှုံးသည့် တန်ဖိုးအား မီးသတ်မှ တွက်ချက်လျှက်ရှိပြီး လာမည့် နိုဝင်ဘာ လဆန်းအတွင်း ရလဒ်ထွက်ဖွယ်ရှိနေကြောင်းသိရသည်။

အောက်တိုဘာ ၁၉ ရက်နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့သည့် အဆိုပါမီးလောင်မှုသည် ၅လွှာရှိ ရေမော်တာခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးမှထုတ်ပြန်ထားပြီး ၇ ရက်ကြာသည်အထိ ဆုံးရှုံးမှုတန်ဖိုးကို အပြီးတွက်ချက်နိုင်ခြင်းမရှိသေးပေ။

“ စစ်ဆေးတုန်းဗျ။ မပြီးသေးဘူး။ တစ်ပတ်လောက်တော့ကြာဦးမယ်ထင်တယ် “ ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါဟိုတယ် မီးလောင်မှုတွင် မီးသတိပေးချက် ( Fire Alarn) မြည်ခဲ့ခြင်းမရှိကြောင်း ဟိုတယ်တွင်တည်းခိုနေသူအချို့က ပြောဆိုထားပြီး မီးစတင်လောင်ကျွမ်းသည့်အချိန်တွင် တက္ကဆီသမားများထံမှ မီးလောင်ကြောင်း သိရှိ၍ သွားရောက်ငြိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ ဘက်မှ ပြောဆိုထားသည်။

ထူးကုမ္မဏီများအုပ်စုပိုင်ရှင် ဦးတေဇ ဝယ်ယူထားသော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် သည် မြန်မာ့အာမခံလုပ်ငန်း တွင် ကျပ်သန်း၈၀၀ ၊ အောင်သစ္စာဦးအာမခံတွင် ကျပ်သန်း ၅၀၀ အထိ အများဆုံးအာမခံတင်ထားသည်။

အာမခံကိစ္စ နောက်ဆုံးအခြေအနနှင့် ပက်သက်၍ “ ရီပို့တွေဘာမှတတ်မလာသေးဘူး။ အခုမှ စစ်ဆေးဆဲဖြစ်တော့ ကျွန်တော်တို့လည်းဘာမှ မှတ်ချက်မပေးနိုင်သေးပါဘူး “ ဟု  မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းကပြောဆိုသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံတင်ထားသည့် ဟိုတယ်အခန်းများရှိသည့် (အလယ်) ပင်မဆောင် တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့သောကြောင့် မီးလောင်မှုတွင် မြန်မာ့အာမခံလုပ်ငန်းမှ အဓိက ပေးလျော်ရဖွယ် ရှိနေသည်။

အဆိုပါမီးလောင်မှုတွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသူဟု ယူဆရသူတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိခိုက်မိကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မန်နေဂျာ ဦးသီဟအား အမှု ၃ ခုဖြင့် တရားစွဲဆိုကာ အမှုစစ်ဆေးရန် အတွက် လာမည့် နိုဝင်ဘာ ၁ ရက်နေ့သို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးက ချိန်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly