‘ခြေစစ်ပွဲအောင်ဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်သေးဘူး’ – မြန်မာ ယူ-၁၉ နည်းပြချုပ် ဦးချစ်နိုင်

‘ခြေစစ်ပွဲအောင်ဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်သေးဘူး’ – မြန်မာ ယူ-၁၉ နည်းပြချုပ် ဦးချစ်နိုင်
(ဓာတ်ပုံ - MFF)

အာရှ ယူ-၁၉ ခြေစစ်ပွဲစဉ်များကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းမှာ အောက်တိုဘာလ ၂၄ ရက်က ဖိလစ်ပိုင် ယူ-၁၉ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ၆-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ခြေစစ်ပွဲအောင်ဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုး မဟုတ်သေးဘူးလို့ နည်းပြချုပ် ဦးချစ်နိုင်က ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်အပြီး နည်းပြချုပ် ဦးချစ်နိုင်က "ပထမပိုင်း (၁၅)မိနစ်လောက်ထိ ကျနော်တို့ ကစားသမားတွေ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ပွဲဦးထွက်လည်း ဖြစ်ပါတယ်။ အဖွင့်ဂိုးတွေ ရသွားပြီးမှာတော့ သူတို့ ယုံကြည်မှု ရှိလာပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကစားလာနိုင်ပါတယ်။ ဒုတိယပိုင်းကတော့ ပိုပြီးကောင်းပါတယ်။ ဒီခြေစွမ်းနဲ့တော့ သိပ်အားမရနိုင်သေးပါဘူး။ ခြေစစ်ပွဲအောင်ဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်သေးဘူး။”လို့ ပြောကြားခဲ့ပါတယ်။

အုပ်စု ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက်မှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်းနှင့် ရင်ဆိုင်ကစားရမယ့် ပွဲစဉ်နဲ့ ပတ်သက်လို့ “ဒုတိယပွဲ ကမ္ဘောဒီးယား အသင်းနဲ့ ပွဲကိုလည်း အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒီယုံကြည်ချက်တွေကြောင့်ပဲ ကျနော်တို့အသင်း ဒီကိုလာပြိုင်တာပါ။ အသင်းတိုင်းကို လေးစားမှုနဲ့ ကစားပါတယ်။ ဘယ်အသင်းကိုမှ အထင်လည်းမကြီးပါဘူး အထင်လည်း မသေးဘူး။"လို့ နည်းပြချုပ် ဦးချစ်နိုင်က ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ပွဲစဉ်မှာ မြန်မာအသင်းအတွက် ၃ ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ် ကစားသမား မြတ်ကောင်းခန့်ကလည်း “ဒီနေ့ဂိုးတွေရလို့ ပိုပြီးယုံကြည်ချက် ဖြစ်စေတာတော့ မှန်ပါတယ်။ ကမ္ဘောဒီးယားနဲ့ပွဲကိုရော တရုတ်နဲ့ပွဲကိုရော အနိုင်ရဖို့ပဲ ရည်ရွယ်ပြီး ကစားမှာပါ။ ခြေစစ်ပွဲအောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲတိုင်းကို လေးလေးစားစား ယှဉ်ပြိုင်သွားမှာပါ။”လို့ ပြောဆိုသွားပါတယ်။

ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်သွားခဲ့တဲ့ ပွဲစဉ်မှာ မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ မြတ်ကောင်းခန့်က ၃ ဂိုး အသင်းခေါင်းဆောင် စိုးမိုးကျော်က ၂ ဂိုးနဲ့ လွင်မိုးအောင်က ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

မြန်မာအသင်းဟာ အုပ်စု (G) မှာ ဒုတိယပွဲစဉ်ကို အောက်တိုဘာ ၂၆ ရက်၊ မြန်မာစံတော်ချိန် ည(၆း၀၀)နာရီမှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်း၊ အောက်တိုဘာ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်ညနေ(၃း၀၀)နာရီမှာ  တတိယပွဲစဉ်အဖြစ် တရုတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ခြေစစ်ပွဲစဉ်များမှာ အာဖဂန်နစ္စတန်အသင်းက နှုတ်ထွက်သွားတာကြောင့် အုပ်စု အောက်ဆုံးမှာ ရပ်တည်နေတဲ့အသင်းနဲ့တွေ့ဆုံမှုကို ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly