တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူလိုပါက စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် တောင်းဆိုခံရလိမ့်မည် – ပီရက်ဇ်

တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူလိုပါက စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် တောင်းဆိုခံရလိမ့်မည် – ပီရက်ဇ်
(ဓာတ်ပုံ - အီးပီအေ)

ဘယ်အသင်းဖြစ်ဖြစ် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ရင် တော့တင်ဟမ်ဟော့ စပါးအသင်းက ၎င်းကစားသမားအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ကို တောင်းဆိုလိမ့်မယ်လို့ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်တီနိုပီရက်ဇ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စပါးအသင်းဟာ ဘာနေဗျူးကွင်းမှာ မကြာသေးခင်းက ရီးယဲလ်အသင်းကို ၁-၁ ဂိုးနဲ့ သရေကစားနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မတိုင်မီ နည်းပြဇီဒန်းက အသက် ၂၄ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ကိန်းကို “ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး”လို့ ပြောဆိုခဲ့ပါတယ်။

ကိန်းနှင့် ပတ်သက်လို့ စပါးအသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းကို ပြောဆိုခဲ့မှု ရှိခဲ့လားလို မေးမြန်းရာမှာ ပီရက်ဇ်က “ကျနော် စပါး ဥက္ကဋ္ဌကို မမေးဖူးပါဘူး။ ဒါနဲ့ ပတ်သက်လို့ မေးမြန်းခဲ့မယ်ဆိုရင် သူက ယူရိုသန်း ၂၅၀ (ပေါင် ၂၃၃ သန်း)လို့ ကျနော်ကို ပြောဆိုလာပါလိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။

“ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကျနော့်စိတ်ကူးထဲမှာ မရှိထားပါဘူး”လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာမှ နေမာကို ယူရို ၂၂၂ သန်း (ပေါင်သန်း ၂၀၀) နဲ့ ခေါ်ယူလိုက်ချိန်မှာ ပြင်သစ်ကလပ်အသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ကိန်းဟာ ဒီရာသီမှာ ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ၁၅ ဂိုး သွင်းယူထားပြီး ၂၀၁၇ အတွင်း စုစုပေါင်း သွင်းဂိုး ၄၅ ဂိုး ရရှိထားပါတယ်။

“သူက ခမ်းနားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့အပြင် သူဟာ ငယ်ရွယ်တဲ့ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် ကျနော်တို့ အသင်းမှာ ထိပ်တန်းအဆင့် စားသမားတွေရှိနေပါတယ်။”လို့ ပီရက်ဇ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

စပါးအသင်းနဲ့ ရီးယဲလ်အသင်းတို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးများ ရှိနေပြီး မကြာသေးမီ နှစ်များအတွင်းက လူကာမိုဒရစ်နှင့် ဂါရတ်ဘေးလ်တို့ နှစ်ဦးရဲ့ အပြောင်းအရွှေ့များ ရှိခဲ့ပါတယ်။

“ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ ရင်းနှီးမှုကို တည်ဆောက်ထားပါတယ်။”လို့ ပီရက်ဇ်က လီဗိုင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးအနေအထားကို စပိန်ရေဒီယို Cadena Cope ကို ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ပီရက်ဇ်ရဲ့ အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ သက်တမ်း နှစ်ကြိမ်အတွင်းမှာ ကမ္ဘာ့စံချိန် ပြောင်းရွှေ့မှု ၄ ကြိမ် ဖြစ်မြောက်ခဲ့ပါတယ်။ ပထမတစ်ကြိမ် သက်တမ်းမှာ ၂၀၀၀ ခုနှစ်က လူးဝစ် ဖီဂိုနှင့် ၂၀၀၁ ခုနှစ်က ဇီဒန်းတို့ကို ခေါ်ယူမှုဖြစ်ပြီး ဒုတိယသက်တမ်းအတွင်းမှာတော့ ၂၀၀၉ ခုနှစ်က စီရော်နယ်လ်ဒိုနှင့် ၂၀၁၃ တုန်းက ဘေးလ်တို့ပဲဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags