Myanmar National Airlines ၏ ၂၂ နှစ်တာကာလအတွင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်စတင်

Myanmar National Airlines ၏ ၂၂ နှစ်တာကာလအတွင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်စတင်
Photo - Myanmar National Airlines

သြဂုတ် ၁၇ ရက် ။           ။ နိုင်ငံပိုင်လေကြောင်း Myanmar National Airlines-MNA က ၎င်း၏ ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ရန်ကုန်-စင်္ကာပူ ကို
စတင်ပျံသန်းတော့မည်ဖြစ်သည်။

ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် စတင်ပျံသန်းမည့် ရန်ကုန်-စင်ကာပူ ခရီးစဉ်အသစ် ဖွင့်ပွဲအခမ်းအနားကိုလည်း သြဂုတ် ၁၇ ရက် နံနက်တွင် ကျင်းပခဲ့သည်။

စင်ကာပူနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် ရန်ကုန်အကြား ပျံသန်းခြင်းမှသည် ကမ္ဘာ့လှည့်ခရီးသည်များ အနေနှင့် မြန်မာနိုင်ငံကို စူးစမ်းရှာဖွေရန် အခွင့်အလမ်းရှိလာမည်ဟု MNA က သြဂုတ် ၁၇ တွင် ထုတ်ပြန်သည်။

MNA ၏ အမှုဆောင်အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်း က “ကျွန်တော်တို့ရဲ့နောက်ဆုံးပေါ် Boeing 737-800NG လေယာဉ်အသစ်နဲ့အတူ ရန်ကုန်နဲ့ ဒေသတွင်းက သွားရောက်လည်ပတ်မှု အများဆုံးဖြစ်တဲ့ စင်ကာပူနိုင်ငံကို ပျံသန်းကြပြီးလေယာဉ်တွင်းအဆင့်မြင့်ဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်ရတာကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။” ဟု ပြောသည်။

အဆင်ပြေချောမွေ့သည့် ခရီးသွားဝန်ဆောင်မှုများကိုလည်း ပေးအပ်သွားမည်ဟု MNA အနေနှင့် ကတိကဝတ်ပြုသည် ဟုလည်းဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Changi အပြည်ပြည်ဆိုင်ရာ လေဆိပ် ဂိတ်အမှတ် (၃) တို့မှ စနေနေ့မှအပ နေ့စဉ် ပျံသန်းပြေးဆွဲမည်။

ရန်ကုန် မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး စင်္ကာပူသို့ ညနေ ၂ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်။ စင်္ကာပူမှ ညနေ ၄ နာရီတွင် ပြန်လည်ထွက်ခွာ မည်ဖြစ်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်မည်။

ခရီးစဉ်အသစ်စတင်ခြင်း အထိမ်းအမှတ်အနေဖြင့် MNA မှ လက်မှတ်များကို စင်ကာပူ-ရန်ကုန်-စင်ကာပူ အသွားအပြန် ခရီးစဉ်အတွက် စင်ကာပူဒေါ်လာ ၂၈၉၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွားအပြန် ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၂၃၉ အသီးသီးကျသင့်မည်။

MNA သည် မြန်မာပြည်တွင်း ၂၆ မြို့သို့ ချိတ်ဆက်ထားပြီး ခရီးစဉ်အများဆုံး ချိတ်ဆက်ပျံသန်းနေသော လေကြောင်းလိုင်းလည်းဖြစ်သည်။

နိုင်ငံတကာခရီးစဉ်ကွန်ယက်မှတစ်ဆင့် ၂၀၁၆ အစောပိုင်းတွင် အာရှပစိဖိတ်ဒေသ အတွင်းနောက်ထပ်လေးမြို့သို့ ပျံသန်းပြေးဆွဲနိုင်မည်ဟု သိရသည်။

MNA သည်  ကြိုတင်လက်မှတ် မှာယူခြင်းနှင့် ထွက်ခွာစီစစ်ရေးလုပ်ငန်းစဉ်များ တွင်နောက်ဆုံးပေါ် ကွန်ပျူတာဖြင့် စီမံထားပြီး အွန်လိုင်းမှ ကြိုတင်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်းနှင့် ထိုင်ခုံနေရာ
ရွေးချယ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက်လည်း website အသစ်တစ်ခုကို လွှင့်တင်ထားသည်။

လေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ ကြိုတင်လက်မှတ်များမှယူခြင်းများနှင့်ဆိုင်သော အသေးစိတ်အချက်အလက်များကို www.flymna.com ၊ အီးမေးလ်လိပ်စာ [email protected]၊ ဖုန်းနံပါတ် +၉၅ ၁ ၃၇၈၆၀၃ နှင့် +၉၅ ၁ ၃၇၇ ၈၄၀ များသို့ ဆက်သွယ်စုံးစမ်းနိုင်ပါသည်။ ထို့အပြင် MNA လက်မှတ်အရောင်းဌာနရှိရာ အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင်လည်း
ဝင်ရောက်မေးမြန်း စုံးစမ်းနိုင်ပါသည်။

MNA ၏ တရားဝင် facebook ဖြစ်သည့် www.facebook.com/myanmarnationalairlines တွင်လည်း လေ့လာနိုင်ပါသည်။ လေယာဉ်လက်မှတ်များကို တရားဝင်ခွင့်ပြုချက်ရှိသည့် ခရီးသွားလက်မှတ် အရောင်း ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly