အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဖိလစ်ပိုင်စစ်သည်တွေကို သြစတြေးလျက လေ့ကျင့်သင်ကြားပေးမည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဖိလစ်ပိုင်စစ်သည်တွေကို သြစတြေးလျက လေ့ကျင့်သင်ကြားပေးမည်

 

အောက်တိုဘာ ၂၄ ။                          ။ အစ္စလမ္မစ်အစွန်းရောက်ဝါဒ ပြန့်နှံ့မှု တိုက်ဖျက်တဲ့အပိုင်းမှာ ပိုမိုထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် ဖိလစ်ပိုင်စစ်သည်တွေကို သြစတြေးလျက ကူညီလေ့ကျင့်သင်ကြားပေးသွားတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတောင်ပိုင်းမှာ အိုင်အက်စ်လိုလားတဲ့ စစ်သွေးကြွတွေနဲ့ ဖိလစ်ပိုင်စစ်တပ်တို့အကြား လပေါင်းများစွာကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ထားခဲ့ပြီးနောက် ယခုအခါ ဖိလစ်ပိုင်စစ်သည်တွေကို မြို့ပြဒေသစစ်ပွဲ တိုက်ခိုက်ရေးပိုင်းနဲ့ပတ်သက်လို့ သြစတြေးလျက လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

မာရာဝီမြို့က စစ်သွေးကြွတွေကို  ဖိလစ်ပိုင်တို့ တိုက်ခိုက်ရှင်းလင်းခဲ့စဉ်အတွင်းတုန်းကလည်း  သြစတြေးလျတို့အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ပါဝင်ကူညီပေးထားခဲ့ပြီး သတင်းအချက်အလက်စုဆောင်းမှု၊ အကဲဖြတ်လေ့လာမှုတွေ ဆောင်ရွက်ပေးခဲ့သလို တစ်ဘက်မှာလည်း မြေပြင်အခြေအနေ စောင့်ကြည့်လေ့လာရေးလေယာဉ်နှစ်စီး ဖြန့်ကျက်ကူညီပေးထားခဲ့ပါတယ်။

အဆိုပါ နိုင်ငံတောင်ပိုင်း မာရာဝီမြို့ ငါးလကြာ စစ်ပွဲတွေ ပြီးဆုံးပြီး အောင်ပွဲရခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ အောက်တိုဘာ ၂၃ ရက်က ဖိလစ်ပိုင် စစ်ဘက်အကြီးအကဲက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က မာရာဝီမြို့ကို အခြေပြုပြီး အရှေ့တောင်အာရှ အခြေစိုက်နေရာ ထူထောင်သွားနိုင်မယ့်အရေးနဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ယခု အောင်ပွဲနဲ့အတူ ခေတ္တပျောက်ကွယ်သွားခဲ့ပြီ ဆိုသော်ငြားလည်း အကြမ်းဖက်သမားတွေဘက်က ရေရှည်မှာ ထပ်မံလုပ်ဆောင်လာနိုင်မယ့် ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ကြိုတင်ထိန်းချုပ်ဆောင်ရွက်နိုင်ဖို့ လိုအပ်နေလျက်ရှိပါတယ်။

သြစတြေးလျဆီမှာက အီရတ်နဲ့ ဆီးရီးယားအခြေစိုက် အိုင်အက်စ်အုပ်စုအပေါ် နှိမ်နင်းတိုက်ဖျက်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေ ရှိထားခဲ့တယ်လို့ သြစတြေးလျကာကွယ်ရေးဝန်ကြီး မာရိုက်စ် ပေနီက ပြောပါတယ်။

ယခုအခါမှာတော့ တပ်ဖွဲ့ဝင် ၈၀ ပါ အထူးအဖွဲ့တစ်ခုကို ဖိလစ်ပိုင်သို့ စေလွှတ်ပြီး မနီလာ စစ်အခြေစိုက်စခန်းတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်သင်ကြားမှုတွေ ထောက်ပံ့ပေးသွားမယ်ဆိုပြီး ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly