ပါတီတွင်း စည်းလုံးမှုရှိဖို့ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ လုပ်ခြင်းဖြစ်ဟု USDP ဆို

ပါတီတွင်း စည်းလုံးမှုရှိဖို့ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ လုပ်ခြင်းဖြစ်ဟု USDP ဆို
သြဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းစာ ရှင်းလင်းပွဲ။ ဓါတ်ပုံ - ဟောင်ဆာ (ရာမည)

နေပြည်တော်၊ ဩဂုတ် ၁၇ ။     ။ ထိပ်ပိုင်းခေါင်းဆောင်များအား ပြောင်းလဲလိုက်ခြင်းမှာ ပါတီတွင်းစည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အသစ်ဖွဲ့စည်းလိုက်သော ဗဟိုအတွင်းရေးမှူးအဖွဲ့က ပြောဆိုလိုက်သည်။

ဗဟိုအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ဌေးက “ပါတီတွင်းမှာ ဒီမိုကရေစီအခွင့် အရေးတွေမရှိဘူးဆိုပြီးတော့ ဝေဖန်ပြောဆိုတာတွေရှိပါတယ်။ ကျွန်တော်တို့က ပါတီတွင်း ဒီမိုကရေစီ ပိုမိုရှင် သန်ရေးနဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် အခု ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်တာ” ဟု ပြောသည်။

နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပါတီဝင်အမတ်လောင်းများနှင့် အသစ်ဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင် ဗဟိုကော်မတီတို့ ဩဂုတ် ၁၇က တွေ့ဆုံမှုအပြီးပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီ၏ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပြီး ပါတီဝင်အမတ်လောင်းများကို လာရောက်နှုတ်ဆက်သည်ဟု ဗဟိုအတွင်းရေးမှူးအဖွဲ့က သတင်းစာရှင်းလင်းပွဲ တွင်ပြောဆို သွားသည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီဝင် အမတ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲပြုလုပ်သည့် ဩဂုတ် ၁၂တွင် ညတွင်းချင်း ရုတ်ချည်း ပြောင်းလဲကာ ပါတီ၏ ပူးတွဲ ဥက္ကဌအဖြစ်တာဝန်ပေးထားသော သူရဦးရွှေမန်းအပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင်အများစုကို ဖယ်ရှားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly