အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ အဖြေရှာ . . . (အပိုင်း - ၄)

.

မင်္ဂလာပါခင်ဗျာ။ မဇ္ဈိမရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ကျား/မ အရွယ်စုံမှာဝမ်းချုပ်တာနဲ့ ဗိုက်အောင့်ဝေဒနာတွေကတော့ ခံစားဖူးကြမှာဖြစ်ပါတယ်။

အဲဒီဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးဖို့အတွက်   ဆေးတက္ကသိုလ်အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်သူ ဆရာမကြီးဒေါ်သန်းသန်းဆွေကို     မေးခွန်းတွေ အဖြေရှာဖို့အတွက် ကျွန်တော်တို့ရဲ့ မဇ္ဈိမစတူဒီယိုထဲကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ဆရာမကြီးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

မေး။   ။ ရေများများသောက်ရင် ကောင်းတယ်လို့ သိရပါတယ်။ မလွန်ဘူးလား အများကြီးသောက်ရင် တန်ရင်ဆေး လွန်ရင်ဘေးဆိုတဲ့ စကားလေးလည်း ရှိလို့လေ၊ ဘယ်လောက်သောက်သောက် ဆိုးကျိုး မရှိဘူးလား သိချင်ပါတယ်ခင်ဗျာတဲ့။

ဖြေ။   ။ အဲဒါကလေ တန်ဆေး လွန်ဘေးဆိုတဲ့ စကားက အလွန်ပဲ မှန်ပါတယ်။ အရမ်းကြီး သောက်ရင်တော့ ဆိုးကျိုး အထိုက်အလျောက် ရှိပါတယ်။ ဒါပေမယ့် ကျမတို့ တိုက်တွန်းနေတဲ့ ရေများများသောက်ရင်ကောင်းတယ် ၊ ရေများများသောက်ရင် ကောင်းတယ်ဆိုတာကို လိုက်နာတဲ့သူ တော်တော်များများမှာ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့အထိကို မရောက်ပါဘူး။ တကယ် ရေများများသောက် လို့ ဆိုးကျိုးရှိတယ်ဆိုတာက ၅ လီတာပုံးကြီးမျိုးကို ၊ လူတစ်ယောက်က တစ်ပုံးလောက်သောက်တာ။ အဲဒီလိုမျိုး ရောဂါလည်းရှိတယ်။ အဲဒီတော့ ဒီလိုမျိုးကို ဘယ်လိုမှ မရောက်ပါဘူးလို့။ မရောက်တဲ့ အတွက်ကြောင့်မိုလို့ ဆရာဝန်များက ရေများများသောက်ပါလို့ ၊ လူနာကို ညွှန်ကြားနေခြင်းသည် ဆိုးကျိုးက ဘယ်တော့မှ မရောက်နိုင်တဲ့ Limit က အရမ်းကို နည်းလွန်းအားကြီးပါတယ်။

မေး။   ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခုတစ်ခါ မေးလာသူက Joeku Than ဖြစ်ပါတယ်။ ဆရာမခင်ဗျာတဲ့ ဝမ်းအတွင်းက တစ်နေ့ကို ၃ ကြိမ်လောက် ပူနေတတ်ပါတယ်။ ဘာလို့ပါလဲ ၊ ဘယ်လိုကုရမလဲဆိုတာ လမ်းညွှန်ပေးပါဦးခင်ဗျာတဲ့။

ဖြေ။   ။ အဲဒီလိုမျိုးဆိုရင်တော့ ပူတာကလေ အစာအိမ်ကထွက်တဲ့ အချဉ်ကြောင့်ပဲပေါ့နော်။ ငါ့ဝမ်းပူဆာပေါ့။ အဲဒီသဘောမျိုးပေါ့။ အဲဒီအခါကျရင်တော့ တတ်နိုင်သလောက် အစာကြေလွယ်တဲ့ အစာလေးကို စားပေးပါလို့။ အစာကို အချိန်လွန်မခံပါနဲ့။ နောက်တစ်ခုက အချိန်လွန်တဲ့အချိန်မှာ မအားလို့ဆိုပြီး ၊ နောက်ပြီး အများကြီးလည်း အစာအိမ်ထဲကို မထည့်ထားပါနဲ့။ အဲဒါလည်း သူ အလုပ် မလုပ်နိုင်ပါဘူး။ အများကြီး စားတယ် အဲဒီတော့ အစာအိမ်က အလုပ်မလုပ်ဘူးလေ။

မေး။   ။ နောက်ထပ်မေးလာသူကတော့ Ko Ye Naing Tun ပါ။ ဆရာမရေတဲ့ ကျနော် ထမင်းစားပြီး တိုင်း အန်နေတယ်။ လျော့စားလည်းအန်ပါတယ်။ အရင်တုန်းကလဲ အစာအိမ်ရောဂါ ဖြစ်ဖူးပါတယ်။ ဗိုက်လဲ တစ်ခါတစ်ခါ အောင့်တယ်။ သွားတိုက်တိုင်းလဲ အန်တယ်။ လေတွေပဲ အန်နေတယ်တဲ့။

ဖြေ။   ။ သွားတိုက်တိုင်းလည်း အန်တယ်ဆိုတာက သူကလည်းပဲ အစာအိမ်ရောဂါ တစ်မျိုးပဲ။ မိုးလင်းလို့ရှိရင်လည်း အန်တယ်။ အထူးသဖြင့် ယောက်ျားလေးတွေဆို အရက်သောက်တယ်ပေါ့နော်။ မိုးလင်းရင် အန်တာပဲလေ။ ဒီလိုမျိုးမဟုတ်ဘဲနဲ့ အဲဒီလို သွားတိုက်တဲ့အခါမှာ အန်တဲ့လူတွေကိုလည်း တွေ့ဖူးတယ်။ အဲဒီလိုဟာတွေကလည်း များသောအားဖြင့် အစာအိမ်ရောဂါနဲ့ ပတ်သက်တာပဲ။ အဲဒီ အတွက်ကြောင့်မို့ အစာအိမ်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးလေးကိုပဲ နီးစပ်ရာ ဆရာဝန်တစ်ယောက်ဆီ မှာ အကြံလေးယူပြီး သောက်ကြည့်ပါဦးလို့။

မေး။   ။ နောက်ထပ်မေးလာသူကတော့ Ko Sai Aung ပါ။ သူမေးလာတာကတော့ မနက်တိုင်း လေတွေတက်ပြီး အချဉ်ရည်တွေ အန်ပါတယ်။ ဘာဖြစ်တာပါလဲ ခင်ဗျာတဲ့။

ဖြေ။   ။ သူ့ကို ဆရာမအနေနဲ့ ပြန်မေးချင်တာက သူ အရက်သောက်တတ်လားမသိဘူး။ အရက် သောက်တတ်တယ်ဆိုရင်တော့ မသောက်ပါနဲ့။ ဆေးလိပ်လည်း မသောက်ပါနဲ့။ နောက်ပြီးတော့ တော်တော်များများ ယောက်ျားလေးတွေကတော့လေ၊ ဆရာမ ကျွန်တော်တို့က အရက်သောက်တာ မဟုတ်ဘူး ၊ ဘီယာသောက်တာလို့ပြောတယ်။ ဘီယာကလည်း အရက်ပါပဲ။ အရင်ဆုံး အဲဒီလို ဖြစ်စေ တဲ့ အကြောင်းအရင်းတွေကို ဖယ်ပေးရမယ်။ နောက်တစ်ခုက အကင်တွေပေါ့။ ဘီယာ၊ အရက်နဲ့ မြည်းတဲ့ဟာတွေ အကုန်လုံးကလည်း အစာမကြေဘဲနဲ့ လေထပြီး ၊ လေအန်ဖို့အချက်တွေ ဖြစ်ပါ တယ်လို့။

မေး။   ။ နောက်ထပ်မေးလာသူကတော့ Khin Myo လို့ခေါ်ပါတယ်။ သူက အူ ကျွံတာ ခွဲစိတ်ရမှာလား နောက်ဆက်တွဲ ဘာဖြစ်တတ်ပါသလဲတဲ့။

ဖြေ။   ။ ဒီကဏ္ဍရဲ့ ပထမပိုင်းလေးမှာ ဖြေထားသလိုပါပဲ ၊ အူကျွံတဲ့နေရာမှာ ခွဲစိတ်ရမှာလားဆိုတော့ လေ ၊ ပထမကတော့ သေးသေးလေးပဲ ၊ သို့သော်လည်း ကိုယ်က ဝိတ်ကိုမထိန်းဘူး ၊ ကိုယ့်ရဲ့အလုပ် က အလေးအပင်မရတယ် ၊ရေရှည်ချောင်းဆိုးရောဂါ ရှိနေတယ်ဆိုရင်တော့ အူကျွံရောဂါကတော့ ဆက်ပြီးတော့ ဖြစ်သွားမှာလေ ၊ အူကျွံတယ်ဆိုတာက အပေါက်ကလေးကနေ ထွက်သွားတာပေါ့ ၊ အူကျွံလို့ ကျယ်ကျယ်သွားပြီးဆိုရင် ၊ ထွက်တဲ့ပစ္စည်း များသွားရင်တော့ အန္တရာယ်ရှိတာပေါ့။ နောက်တစ်ခုက ဒီဟာကို ကုသဖို့ ခွဲစိတ်ရတဲ့အခါမှာလည်း အပေါက်သေးသေးလေးကို ချုပ်ရတာနဲ့ အပေါက်အကြီးကြီးကို ချုပ်ရတာက ၊ ကုန်ကျစရိတ်ရော ခက်ခဲမှုရော ၊ နောက်တစ်ခုက ပြန်ဖြစ်နိုင် ဖို့လည်း များတယ်။ အဲဒီတော့ စောစောစီးစီးပဲ ပြပြီးတော့ ၊ ဒီဟာက ဆေးသောက်သော်လည်း ပျောက်မှာမဟုတ်ဘူး။ နောက်ပြီးကိုယ်ကလည်း ကိုယ့်အလုပ်အကိုင်တွေကို မပြောင်းလဲနိုင်ဘူးဆိုရင် တော့ ပြပါ။ ဒါဟာ ခွဲစိတ်မှ ပျောက်ပါတယ်။ ရောဂါကိုဆရာဝန်နဲ့သေသေချာချာပြပြီးတော့စစ်ကြည့်ပါ။  ရောဂါကတော့ ခွဲစိတ်မှ ပျောက်မယ့် ရောဂါအမျိုးအစား ဖြစ်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ခင်ဗျာ။ နောက်ထပ်မေးလာတဲ့သူကတော့ Mike Kyan Kaphaila ပါ။ Pandosic 20 ကို မနက်တစ်ခါ ညတစ်ကြိမ် နှစ်နဲ့ချီနေပါပြီတဲ့ ၊ဘာပြဿနာ ရှိနိုင်လဲဆိုတာ သိချင်ပါတယ်တဲ့။

ဖြေ။    ။ သူပြောတဲ့ ပမာဏ PPI 20 က ထိန်းပြီးတော့ သောက်သွားတဲ့ သဘောပဲပေါ့နော်။ အဲဒါက ကျွန်မတို့လည်း မကြူံဖူးဘူး။ သို့သော်လည်း ဆေးက အနည်းဆုံးနဲ့ ကိုယ့်အတွက် အကျိုးရှိနိုင်ဆုံး နေရာထိရောက်အောင် လျော့ချလိုက်တာ ကောင်းတယ်။

မေး။   ။ အခုတစ်ခါမေးလာသူကတော့ True Mark ပါ။ ရင်ပြည့်ပြီး မစားချင် မသောက်ချင် ဖြစ်နေတာ ဘယ်လိုကုစားရမလဲခင်ဗျာတဲ့။

ဖြေ။   ။ ဒါကလည်း ခုနကပြောသလိုပဲ ရင်ပြည့်နေတယ်ဆိုကတည်းက များသောအားဖြင့် အစာအိမ် မှာပဲ ထိတာများတယ်။ အစာအိမ်ရောင်တာ ဖြစ်ဖို့များပါတယ်။ အဲဒီတော့ အစာအိမ်ရောင်တာအတွက် ကို အစာအိမ်ရောင်တာ ကျတဲ့ဆေးကို သူ လက်လှမ်းမှီတဲ့နေရာမှာ ဝယ်ပြီးတော့ သောက်သင့်ပါ တယ်။

မေး။   ။ နောက်ထပ်မေးလာသူကတော့ Kyi Linkk ပါ။ ညဘက်ဆို ချက်အထက်နားက ဗိုက်နာပါ တယ်။ သာသာနာတယ် ထိုးမနာပါဘူး ၊ အစာမာစားပါက ပိုနာပါတယ် ညွှန်ကြားပေးပါဦးတဲ့။

ဖြေ။   ။ အဲဒီတော့ သူမေးထားတဲ့ ရောဂါဝေဒနာတွေကို ဆန်းစစ်ကြည့်လိုက်ရင်လည်း ၊ ဒါက အစာ အိမ်နဲ့ပဲ ပတ်သက်နေပါတယ်။ အစာအိမ်နဲ့ ပတ်သက်တဲ့အတွက်ကြောင့်မို့ အစာအိမ်ဆေးဝါးများကိုပဲ စားဖို့အတွက် အကြံပေးချင်ပါတယ်။ နောက်တစ်ခုကလည်းပဲ စားတဲ့အစားအသောက်တွေကို ဆင်ခြင် ပေးဖို့။ အချိန်မှန်မှန်လေး စားပေးဖို့ ပြောချင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ခင်ဗျာ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ 4R Health Talk မှာ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ မေးခွန်းတွေကို ပရိသတ်တွေ သိလိုသမျှကို ၊ တိုက်ရိုက် ဖြေကြားပေးတဲ့ ဆရာမကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ မေးခွန်းတွေကတော့ အများကြီးပါ။ ကျွန်တော်တို့ ရတဲ့အချိန်က တစ်နာရီအတွင်း မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ တစ်ချို့ ဆင်တူတဲ့ မေးခွန်းတွေတော့ ရှိတာပေါ့နော်။ ဒါကိုလည်း ပရိသတ် တွေအနေနဲ့ နားလည်ပြီးတော့ ၊ သိရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ နောက်လည်း ဆရာမကြီးကို ဖိတ်ခေါ်ပြီးတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝမ်းတွင်းပြဿနာတွေကို မေးမြန်းနိုင်ဖို့အတွက် ကိုလည်း ၊ ထပ်မံပြီးတော့ ဖိတ်ကြားပေးပါဦးမယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ ဆရာမကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ဒီအစီအစဉ်အတွက် ခြုံငုံပြီးတော့ ဖြည့်စွက်စကားအနေနဲ့ ဘာများ ပြောချင်တာရှိလဲခင်ဗျာ။

ဖြေ။   ။ မေးထားတဲ့ မေးခွန်းကတော့ ယေဘုယျအားဖြင့်တော့ အဖြစ်များတာလေးတွေကို မေးထား တယ်ပေါ့လေ။ ဒီိထက်ပိုပြီးတော့ အစာအိမ်လမ်းကြောင်းနဲ့ ပတ်သက်တဲ့ဟာလေးတွေကိုလည်း မေးကြပါဦး။ နောက်တစ်ခေါက်အနေနဲ့ ဒီမှာ လာပြီးတော့ ဖြေခွင့်ရခဲ့ရင် ၊ အဲဒီအကြောင်းလေးတွေကို ဆွေးနွေးချင်ပါတယ်လို့။ အားလုံးသော မိဘပြည်သူများလည်း ကျန်းမာ ချမ်းသာပါစေလို့ ဒီကနေပြီး တော့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့်။     ။ (မဇ္ဈိမ)

အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာအဖြေရှာ . . . (အပိုင်း ၁)

အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာအဖြေရှာ . . . (အပိုင်း -၂)

အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ အဖြေရှာ . . . (အပိုင်း -၃)