အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ အဖြေရှာ . . . (အပိုင်း -၃)

အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ အဖြေရှာ . . . (အပိုင်း -၃)

မင်္ဂလာပါခင်ဗျာ။ မဇ္ဈိမရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ကျား/မ အရွယ်စုံမှာဝမ်းချုပ်တာနဲ့ ဗိုက်အောင့်ဝေဒနာတွေကတော့ ခံစားဖူးကြမှာဖြစ်ပါတယ်။

အဲဒီဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးဖို့အတွက်   ဆေးတက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်သူ ဆရာမကြီးဒေါ်သန်းသန်းဆွေကို     မေးခွန်းတွေ အဖြေရှာဖို့အတွက် ကျွန်တေ်ာတို့ရဲ့ မဇ္ဈိမစတူဒီယိုထဲကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ဆရာမကြီးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

မေး။   ။ အခုတစ်ခါ မေးလာတဲ့သူကတော့ Pla Yaung Nwe လို့ခေါ်ပါတယ်။ သူမေးထားတာကတော့ ဆရာမခင်ဗျာ၊ ထမင်းစားပြီးတိုင်း ရင်ခေါင်းထဲမှာ ကျပ်ပြီး မောနေပါတယ်။ အဲဒါ နဲနဲစားလည်းဖြစ်ပါ တယ်။ ဒါပေမယ့် ဖြေးဖြေးချင်းတော့ ပြန်ကောင်းသွားပါတယ်။ ဘာဖြစ်တာလဲဆိုတာ သိပါရစေ။ နှလုံးသွေးကြောကျဉ်းတာနဲ့ရော ဆိုင်လား ၊ ဒါမှမဟုတ် အသည်းနှင့်များ ဆိုင်လား၊ ပြောပြပေးပါ ။ ကျေးဇူးတင်ပါတယ် တဲ့။

ဖြေ။   ။ အသည်းနဲ့များ ဆိုင်သလားဆိုတော့လေ ၊ အသည်းက အစာချေဖျက်တဲ့ အဖွဲ့အစည်းထဲမှာ အတိုင်းအတာတစ်ခုထိတော့ပါတယ်။ သို့သော်လည်း ထမင်းစားပြီးတိုင်း ချက်ချင်းကြီး အသည်းက မလုပ်နိုင်ဘူး။ နောက် နှလုံးသွေးကြောကျဉ်းသော လူနာများသည်လည်း နှလုံးသွေးကြောကျဥ်းတာ သည် ၊ မနက် နေ့လည် ည ၂၄ နာရီ ကျဉ်းနေတာဖြစ်တဲ့အတွက် ထမင်းစားပြီးချိန်မှာ သူ ပြန်ကျဉ်းဖို့ အကြောင်းအရင်းသည် မရှိသလောက် နည်းပါတယ်။ အဲဒီတော့ တကယ်လို့ ချက်ချင်းကြီးကို မတော် မတရားကြီး စားတယ် ၊ ဒါပေမယ့်လည်း သူက အဲဒီလို ပြောမထားဘူး၊ သူက နည်းနည်းစားလည်း ဖြစ်ပါတယ်လို့ ပြောထားတာကိုး ။ နည်းနည်းစားလည်း ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့ ဒါသည် အစာအိမ်ပိုင်းဆိုင်ရာ ရောဂါဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ သူ့မှာက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နေလို့ ၊ အဲဒီဆေးတွေ သောက်နေရမယ်ဆိုလည်း ၊ အဲဒီဆေးထဲက အချို့သည် အစာအိမ် ရောဂါကို ဖြစ်စေတယ်။ အစာအိမ် နံရံတွေကို ပွန်းစေတယ်၊ ရောင်စေတယ် ၊အဲဒီအတွက်ကြောင့်မို့ လို့လည်း ၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ခုနကပြောသလိုပေါ့ ၊ နှလုံးဆရာဝန်ကြီးများက အစာအိမ်ကို မထိအောင် ၊ လူတိုင်းကတော့လေ ကျွန်မမှာအစာအိမ်ရှိတယ် ၊ ကျွန်မမှာ အစာအိမ်ရှိတယ် ပြောကြ တာပဲ ။ ပြောပေမယ့်လည်း အဲဒီအတွက် ဆေးပေးလိုက်မယ်ဆိုပြီး ထည့်ပေးလိုက်ပေမယ့်လည်း ၊ အဲဒါနဲ့ မလုံလောက်တဲ့ သဘောလေးမှာ တွေ့ရတယ်။ နောက်ပြီးတော့သူနဲ့နီးစပ်ရာအစာလမ်းကြောင်း ဆရာဝန်တစ်ယောက်နဲ့ ပြပါလို့ ၊ ပြလို့ရှိရင် ဒီဆရာဝန်က သေချာစမ်းသပ်ပြီးတဲ့အခါကျ ၊အဖြစ်နိုင်ဆုံး ရောဂါကို စဉ်းစားပြီးတော့ ကုသင့်တယ်။ ခုနက ရင်ခေါင်းထဲမှာ သူ ကျပ်လာတာကတော့၊ အစာအိမ် ထဲမှာ လေနဲ့အတူ မြင့်တက်လာတော့ ရင်ခေါင်းမှာ ကျပ်လာတာပေါ့။

မေး။   ။ ဟုတ်ကဲ့ပါ။ အရှေ့မှာ ဆရာမကြီး ဖြေကြားပေးခဲ့တဲ့ ဝေဒနာရှင်တစ်ယောက်နဲ့ အလားတူတာပေါ့နော်။ နောက်ထပ် မေးခွန်း မေးလာသူကတော့ Inda Cara လို့ခေါ်ပါတယ်။ အစာအိမ်လေနာရောဂါ ခံစားနေရတာ ၁၀ နှစ်ကျော်ပါပြီ။ ရေသောက်ရင် ဗိုက်နာပါတယ်။ လေက ထထနေတော့ ဝမ်းခေါင်းနဲ့ နံကြားတစ်လျှောက် နာနာနေပါတယ်တဲ့။

ဖြေ။   ။ ပထမပြောတဲ့အထဲမှာလည်း ကျွန်မ ပြောခဲ့ပါတယ်။ လေကတော့ နေရာအနှံ့ကို သွားနိုင် တယ်ပေါ့နော်။ အဲဒီတော့ လေက အနောက်ဘက်ကနေ ထိုးလာရင်လည်း ရောက်မယ် ၊ ဘေးကို လည်း ရောက်ချင်ရောက်မယ်၊ အဲဒီလိုမျိုး လေထတဲ့အခါတွေမှာဖြစ်မယ်။ နောက်တစ်ခုက ရေသောက်ရင်တောင်မှ ဗိုက်နာတယ်ဆိုတဲ့အခါကျတော့ ၊ ခုနကပြောသလို သူက အစားစားလိုက်၊ အစာအိမ်က တကယ်လို့ ရောင်နေမယ်ဆိုရင် တစ်ခုခုထည့်ပြီဆိုရင် ဒါက တင်းလာတာပေါ့။ အဲဒီအခါကျတော့ ဒူးနာနေတဲ့သူကို ဒူးဆန့်ပါဆိုတော့ မနာဘူးလား၊ နာတာပေါ့ ၊ ဒီလိုပဲ သူလည်း အစာအိမ်က ရောင်နေတဲ့အခါကျတော့ ၊ အစာအိမ်က စွမ်းဆောင်နိုင်တဲ့ ဝန်ပမာဏနဲ့ သူ နည်းနည်း ပိုဝင်သွားပြီဆိုရင်တော့ သူက နာမှာပေါ့။ နောက်တစ်ခုက အစာအိမ်လေနာ ခံစားနေရတာ( ၁၀ ) နှစ် ကျော်ပြီဆိုတဲ့အတွက်ကြောင့်မို့ ၊ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါမျိုးတော့ မဟုတ်ဘူးပေါ့ နော်။ ဒါပေမယ့် ခုနကပြောသလိုပဲ သူပြောသလိုပဲ အစာအိမ်အူလမ်းကြောင်းရောဂါ ပါရဂူ တစ်ယောက်နဲ့ သေချာစစ်ပြီးတော့ အကြံလေးဘာလေး ယူပါဦးလို့။

မေး။   ။ ဟုတ်ကဲ့ပါ။ နောက်ထပ် မေးခွန်းတစ်ခု ရောက်နေပါတယ်။ မေးလာသူကတော့ Daw Khin Win Kyi ဖြစ်ပါတယ်။ ဝမ်း ခဏခဏ ချုပ်တတ်ပါတယ်။ ဝမ်းနှုတ်ဆေးမစားရင် ဝမ်းမသွားပါဘူး။ ဘယ်လို ကုစားရမလဲဆိုတော့ ပြောပြပေးပါဦးတဲ့။

ဖြေ။    ။ ကျွန်မတို့ ဗမာလူမျိုးတွေကလေ စပြီးတော့ နည်းနည်းချုပ်ကတည်းက ဆေးကူလိုက်ချင် တယ်ပေါ့နော်။ ဆေးကူလိုက်တဲ့အခါမှာ ဆေးကူတော့လည်း ပြေလည်သွားတာပေါ့နော်။ ဒါပေမယ့် ပြေလည်တာက ဒီလို ခဏပြေလည်သွားပြီးရင် ၊ နောက် ဒီလို ဝမ်းထပ်မချုပ်အောင် ဘယ်လိုလုပ်ရ မလဲဆိုတာကိုမလုပ်ဘဲနဲ့ ဒီပုံစံလေးပဲ ဆက်နေပြီးတော့ ၊ အမြဲတမ်းပဲ ကူတယ်ဆိုတော့ ဆေးကူမှပဲ ဆိုတာ ဖြစ်သွားရော။ ဒါကြောင့်မိုလို့လည်း မုံရွာက ဆရာမိုးတို့၊ ကျောက်တစ်လုံး ဝမ်းမှန်ဆေးတို့၊ နောက်တစ်ခုက ဆန္ဒမွန်တို့ စုံနေတာပါပဲ။ အဲဒီတော့လေ များသောအားဖြင့် လှုပ်ရှားမှုနည်းတယ်။ လူငြိမ်ရင် အူကလည်း ငြိမ်တာပဲလေ။ အသီးအရွက်တွေကို လေပွလို့ဆိုပြီး မစားကြဘူး။ စားတဲ့ အသီးအရွက်ကလည်း ခုနကပြောသလို လေမပွစေမယ့် အသီး အရွက်ကိုပဲ စားကြမယ်လို့ သဘော မထားကြဘူးပေါ့နော်။ အဲဒီအခါကျတော့ ဝမ်းက ခဏခဏ ချုပ်ရော။ အဲဒီတော့ အမှန်တိုင်းကတော့ ဝမ်းခဏခဏ ချုပ်လာလို့ရှိရင် ရေကို ပိုသောက်ပါ။ ခုနကပြောသလို အသီးအနှံထဲမှာ အစာကြေလွယ် တဲ့ သင်္ဘောသီးမှည့်လိုဟာမျိုးက အစာကြေ လွယ်တယ်လေ။ နောက်တစ်ခုကလည်း ဖီးကြမ်း ငှက်ပျောသီးစားမယ် ၊ ဒီလိုဟာမျိုးတွေကို စားမယ် ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် စွမ်းနိုင်ရင် စွမ်းနိုင်သလောက် လုပ်ပေးပါ။ အဲဒါဆိုရင် ဝမ်းချုပ်တာ ပြေလည်ပါ တယ်။

မေး။   ။ အခုတစ်ခါ မေးလာသူကတော့ Ashin Pan Di Ta ဖြစ်ပါတယ်။ ဦးဇင်းမှာ ဗိုက် ခဏခဏ အောင့်နေတတ်ပါတယ်တဲ့။ အစာလဲ ခဏခဏ မကြေဖြစ်တယ်။ ဆရာမ တစ်ယောက်ကတော့ အူရောင်နေတယ်လို့ ပြောပါတယ်။

ဖြေ။    ။ ဦးဇင်း ဗိုက်ခဏခဏ နာတာရယ် အောင့်တာရယ် ၊ အစာ ခဏခဏ မကြေဖြစ်တာရယ် ၊ အရင် ဦးဇင်းပြောထားတဲ့ ဆရာမကလည်း အူရောင်တယ်လို့ ပြောထားတဲ့အခါကျတော့ ၊ ဒါက တော်တော်လေးကို ဖြစ်နိုင်ခြေများပါတယ်။ အူရဲ့ ဦးပိုင်း ၊ ပထမပိုင်းမှာ ရောင်နေတာပေါ့။ တကယ်လို့ ပုံမှန်ဆရာဝန်ကြီးများက ရောဂါရာဇဝင်ယူမယ် ၊ စစ်ဆေးတဲ့နှုန်းနဲ့ကတော့ ဆရာဝန်တစ်ယောက် အနေနဲ့ကတော့ ဒီလောက်ပဲ ပြောနိုင်မှာပါ။ ဒီထက်ပိုပြီးတော့ အဆင့်မြင့်တဲ့ စမ်းသပ်မှုမျိုး လုပ်နိုင် မှသာလျင် ၊ တိကျတဲ့အဖြေကို ပြောနိုင်မှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဘုန်းဘုန်းတို့ အနေနဲ့ကတော့ လှူတာကို စားတာဖြစ်တဲ့အတွက်ကြောင့်မို့ ၊ တပည့်တော်ဆီမှာလည်း တော်တော် များများ ဘုန်းကြီးတွေ လာပြီးတော့ ပြပါတယ်။ ဒါပေမယ့် အဓိကကတော့ ၊ လှူတာ ကပ်တာ စားရ တာပဲဆိုပေမယ့် ၊ မိမိနဲ့ သဟဇာတ ဖြစ်မယ့် အစားအစာကိုပဲ စားပေါ့နော်။ အကြော်တွေကပ်ရင် လည်း ဟန်လောက်ပေါ့ ၊ သူတို့လည်း ဒါနမြောက်အောင် မတည့်တာဆိုရင် ဟန်လောက်ပဲ ဘုန်းပေး ပြီး တည့်တဲ့ဟာကိုပဲ စားပါလို့ ဘုန်းဘုန်းကို တိုက်တွန်းချင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ခင်ဗျ။ အခုမေးထားသူကတော့ Ko Mg Mg ဆိုတဲ့သူက မေးထားတာပါ။ မနက်စာ စားပြီးရင် ညထိ အစာမကြေဘူးဆိုတာ သိတယ်။ ည ၁၁ နာရီလောက်ဆို စားချဉ်ပြန်အန်တယ်။ အစာ အောက်မဆင်းဘူး။ ဆေးခန်းလည်းပြတာပဲ သက်သာလည်း ခဏပဲ ၊ ဗိုက်ထဲမှာ လေတွေများနေတယ်။ အောင့်တာနာတာ လုံးဝမရှိဘူး။ ဝမ်းချုပ်တယ်။ လေမလယ်ရင် နေလို့မကောင်းဘူးတဲ့။

ဖြေ။    ။ ဒါကတော့ယေဘုယျဆန်တယ်။ ယေဘုယျဆန်တာကိုက အဖြစ်များနေတာကိုး ။ အဖြစ် များနေတော့ အစာမကြေဘူးဆိုတဲ့နောက်ကို အစာအိမ်ထဲမှာပဲ အစာက ကျန်နေတာပေါ့။ ကျန်နေတဲ့ အခါကျတော့ သူ နောက်ထပ်ထည့်ဖို့ ၊ နေရာမရှိတဲ့အခါကျတော့ ညနေလောက်ကျတော့ ၊ သူ မဆာတော့ဘူး။ မစာတဲ့အပြင်ကို ည ၁၁ နာရီလောက်ဆိုရင် စားချဉ်က ပြန်အန်လာပြီဆိုတော့ ညဘက်တွေမှာ အစာအိမ်က အချဉ်ပိုထွက်တာကို။ ထွက်တဲ့အခါကျတော့ ၊ အဲဒီအချဉ်ရည်တွေက ခုနကတုန်းကပြောသလို ၊ နေ့ခင်းက မကြေထားတဲ့ အစားအသောက်နဲ့ သူ့ဘာသာသူ အပေါ်ကို ပြန်ပြီးတော့ သွားရမယ့် လမ်းကြောင်းကို မသွားဘဲနဲ့ ၊ အပေါ်ကို ပြန်ပြီးတော့ လျှံတက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ကနေ လှဲချလိုက်တဲ့အခါမှာကျတော့ Position အရ ပြန်လျှံဖို့ လမ်းက မရဘူး။ ဆိုတော့အောက်မဆင်းဘူးဆိုတော့လည်း ခုနကတုန်းကလိုပဲ ကြေလွယ်တဲ့အစာကို ကြည့်ပါ။ ကြေလွယ်တဲ့အစာကို စားပေမယ့်လည်းပဲ ၊ ဒီလိုပဲ မိမိမှာ ခုနကပြောသလို ခံစားနေရတယ် ဆိုရင် အစာလမ်းကြောင်း ပါရဂူကို ပြပေးပါလို့ ပြောချင်ပါတယ်။      ။

( ဆက်လက်ဖော်ပြပါမည် )

အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာအဖြေရှာ . . . (အပိုင်း ၁)

အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာအဖြေရှာ . . . (အပိုင်း -၂)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly