သီးနှံအိတ်ခွံအလေးချိန်အား မုံရွာကုန်စည်ဒိုင်မှ ပုံမှန်အလေးချိန်ဖြင့် ဝယ်ယူရန်အဆို အောင်မြင်

သီးနှံအိတ်ခွံအလေးချိန်အား မုံရွာကုန်စည်ဒိုင်မှ ပုံမှန်အလေးချိန်ဖြင့် ဝယ်ယူရန်အဆို အောင်မြင်

မုံရွာ၊ အောက်တိုဘာ ၂၄။       ။ သီးနှံဝယ်ယူရာတွင် အိတ်ခွံအလေးချိန် (၂၅)ကျပ်သားလျော့ကာ မုံရွာမြို့ကုန်စည်ဒိုင်မှ ဝယ်ယူနေကြသည့် အပေါ် ပုံမှန်အလေးချိန်အတိုင်းသာ ဝယ်ယူရေး ဆောင်ရွက်ပေးရန် တိုင်းအစိုးရသို့ တိုက်တွန်းကြောင်းအဆို ယနေ့ အောင်မြင်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး သီးနှံအိတ်ခွံအလေးချိန် ပိုတွက်ကာ ဝယ်ယူနေသည်မှာ ၂၆ နှစ်ခန့်ရှိပြီဖြစ်ကာ ယနေ့ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ပယ်ဖျက်နိုင်ရေးအတွက် အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သီးနှံအိတ်ခွံတစ်လုံး၏ အလေးချိန် ၅  ကျပ်သားခန့်သာရှိသော်လည်း မုံရွာကုန်စည်ဒိုင်မှ ၂၅ ကျပ်သား သတ်မှတ်ကာ လျှော့တွက်ဝယ်ယူနေကြသည့်အပေါ် တောင်သူများအနေဖြင့် နစ်နာကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယင်းသို့ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပုံမှန် အလေးချိန် အတိုင်းသာ ဝယ်ယူရေး ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရသို့ လွှတ်တော်ကိုယ်စားလှယ်များ က တိုက်တွန်းခဲ့ကြသည်။

"ဟိုးအရင်က ဂုန်နီအိတ်ကြီးတွေအသုံးပြုရတဲ့အတွက် အိတ်အလေးချိန် ၂၅ ကျပ်သားလျှော့ကာ ဝယ်ယူခဲ့ကြ ပါတယ်။ ဒါပေမဲ့ အခုခေတ်အခြေအနေအရ ပီနံအိတ်တွေအသုံးပြုတာဖြစ်လို့ အိတ်အလေးချိန်လျှော့ပြီး ဝယ်ယူသင့်ပါတယ်" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးရာတွင် သီးနှံအိတ်ခွံတစ်အိတ်လျှင် အလေးချိန် ၅ ကျပ်သားခန့်သာ လျှော့တွက်ထား ဝယ်ယူရန်ဆွေးနွေးခဲ့ကြပြီး စက်မှု/လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးဦး က ၁၂ ကျပ်ခွဲသားခန့်သာ လျှော့တွက်ထားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခဲ့ရာ မုံရွာကုန်စည်ဒိုင်မှ သီးနှံအိတ်ခွံအလေးချိန်အား ပုံမှန်အလေးချိန် ၅ ကျပ်သားအတိုင်း ဝယ်ယူရန် ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို အောင်မြင်ခဲ့သည်။

မုံရွာကုန်စည်ဒိုင်အား ၁၉၉၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး သီးနှံရောင်းချသူ တောင်သူများအနေဖြင့် သီးနှံအိတ် အလေးချိန် လျှော့တွက် (၂၅)ကျပ်သား ပေးရသည်မှာ ၂၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း လွှတ်တော်လေ့လာရေး လာရောက်ခဲ့သူ စစ်ကိုင်းတိုငိးဒေသကြီး တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly