မဲဆောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရမှု တရားခံ ဖမ်းဆီးနိုင်ခဲ့

မဲဆောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရမှု တရားခံ ဖမ်းဆီးနိုင်ခဲ့

 

အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။             ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာအမျိုးသမီး ဒေါ်သီသီဝင်းအား သတ်ဖြတ်ခဲ့သော မြန်မာနိုင်ငံသား ကိုခင်လေး ဆိုသူအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဟု အောက်တိုဘာလ ၂၄ ရက်နေ့က အကြောင်းကြားခဲ့သည်ဟု သေဆုံးသူ၏ အမျိုးသား ဦးမင်းနိုင်က မဇ္ဈိမသို့ ပြောသည်။

ယနေ့  အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က သေဆုံးသူ ဒေါ်သီသီခင်၏ အမျိုးသားအား ခေါ်ယူ၍ လူသတ်မှု ကျူးလွန်ခဲ့သူသည် မဲဆောက်မြို့ ရှိ ၎င်းနှင့် တစ်ရပ်ကွက်ထဲနေသော သုံးဘီးကား မောင်းသူ ဦးမောင်ခင်လေး ဆိုသူဖြစ်ကြောင်း ဓာတ်ပုံပြသခဲ့သည်ဟု သူက ပြောသည်။

“ဒီမနက် ရဲက တရားခံကို သူတု့ိ သိပြီ။ သုံးဘီးမောင်းသမားပဲ။ မြန်မာနိုင်ငံသားပဲ။ ဓာတ်ပုံလည်း ပြတယ်။ မောင်ခင်လေးပဲ။ တရားခံမိပြီဆိုတဲ့အကြောင်းပဲ ပြောသေးတယ်။ ကျွန်တော်ကို ရဲက လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တု့ိ အသိထဲကပဲ။ အရင်က ခင်တယ်။ ကျွန်တော်ကြားတာကတော့ သူ လောင်းကစားရှုံးတယ်လို့ ကြားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အသက် ၄၁ နှစ်အရွယ် ဒေါ်သီသီဝင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့က မဲဆောက်မြို့ရှိ ထိုင်း လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ရုံးသို့ သွားရောက်ခဲ့ရာမှ အပြန်လမ်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လူသတ်မှုတွင် သေဆုံးသူသည် လက်ကောက်တစ်ကွင်း၊ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံ ရွှေ လက်ဝတ်ရတနာများ ဝတ်ဆင်သွားပြီး တယ်လီဖုန်း ၂ လုံးပါရှိပြီး အဆိုပါပစ္စည်းများကြောင့် လုယက်ကာ အသတ်ခံခဲ့ရဖွယ် ရှိကြောင်း ပတ်ဝန်းကျင်မှ ပြောဆိုကြသည်။

“တရားခံ အစစ်အမှန်ပေါ်တယ် ဆိုရင်တော့ ကျွန်တော် ဝမ်းသာပါပေါ့နော်။ ဒါပေမယ့် ပြစ်မှု ဘယ်လို ချမယ်ဆိုတာကတော့ မသိရသေးဘူးပေါ့နော်”ဟု သေဆုံးသူ၏ အမျိုးသားက ဆက်ပြောသည်။

သူ ပျောက်ဆုံးရာမှ  ၄ ရက်အကြာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အသတ်ခံရသည့် ရုပ်အလောင်းကို မဲဆောက် လေယာဉ်ကွင်း အနောက်ဘက်လမ်းတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။ 

ထိုင်းရဲတပ်ဖွဲ့က သေဆုံးသူ၏ အလောင်းကို တာခ်ခရိုင် ပစ္စနလွှတ်မြို့သို့ ပို့ဆောင်၍ အသတ်ခံရမှုကို စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး  အောက်တိုဘာလ ၂၆ ရက်နေ့တွင် အလောင်းကို မိသားစုများထံသို့ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် မဲဆောက်မြို့ရှိ လက်မှုအနုပညာလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး သူ၏ အမျိုးသား ဦးမင်းနိုင်၊ အသက် ၁၅ နှစ်အရွယ် သား တစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် သမီးတစ်ဦးတို့နှင့်အတူ နေထိုင်နေသူ ဖြစ်သည်ဟု သိရသည်။

မဲဆောက်မြို့တွင် မကြာခဏ ဆိုသလို လူပျောက်ခြင်း၊ အသတ်ခံရမှုများ ဖြစ်ပွားနေပြီး ဒေါ်သီသီဝင်း အသတ်ခံရသည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း တခြား မြန်မာနိုင်ငံသား အမျုးိသမီး ၃ ဦးလည်း ပျောက်ဆုံးနေကြောင်း အမှုဖွင့်ထားသည်ဟု ထိုင်းရဲတပ်ဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly