နိုင်ဂျီးရီးယား၌ အသေခံဗုံးခွဲ တိုက်ခိုက်သူများ၏လက်ချက်ကြောင့် ၁၃ဦးသေဆုံး

နိုင်ဂျီးရီးယား၌ အသေခံဗုံးခွဲ တိုက်ခိုက်သူများ၏လက်ချက်ကြောင့် ၁၃ဦးသေဆုံး

 

မိုင်ဒူဂူရီ၊ နိုင်ဂျီးရီးယား၊ အောက်တိုဘာ ၂၄ ။                ။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ မိုင်ဒူဂူရီမြို့တွင် ပြီးခဲ့သော တနင်္ဂနွေနေ့က အမျိုးသမီးအသေခံဗုံးခွဲသမား ၃ ဦး၏ လက်ချက်ကြောင့် လူပေါင်း ၁၃ဦးသေဆုံးပြီး ၁၆ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဘိုနိုပြည်နယ်၏ မြို့တော်ဖြစ်သော မိုင်ဒူဂူရီမြို့ရှိ စားသောက်ဆိုင်တစ်ခု၏အရှေ့ဘက်တွင် တနင်္ဂနွေနေ့ည ၉း၄၅နာရီခန့်က ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာသော အမျိုးသမီးတစ်ဦးသည် မိမိကိုယ်မိမိ ဖောက်ခွဲခဲ့ကြောင်း စစ်တပ်မှတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့နောက် မိနစ်ပိုင်းအကြာတွင် နောက်ထပ်ဗုံးခွဲသမားနှစ်ဦးသည် ထပ်မံ၍ အသေခံတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ပြောခဲ့ပြီး ထိုတိုက်ခိုက်မှုသည် မြို့အပြင်ဘက်၌ ဘိုကိုဟာရမ်အကြမ်းဖက် အဖွဲ့၏ အရိပ်အယောင်များကို မြင်တွေ့ရသည်ဟု သတင်းပေးပို့ပြီးမကြာမီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၀၀၉ ခုနှစ်ကတည်းက ဘိုကိုဟာရမ်အကြမ်းဖက်သမားများ၏ လက်ချက် ကြောင့် လူပေါင်း ၂၀၀၀၀ ထက်မနည်းသေဆုံးခဲ့ရပြီး ၂.၆ သန်းကျော်ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

သို့သော်လည်း လွန်ခဲ့သော ၂၀၁၅ ခုနှစ်အစောပိုင်းကတည်းက စတင်ခဲ့သည့် သောင်းကျန်းသူများချေမှုန်းရေး စစ်ဆင်ရေးကြောင့် ဘိုကိုဟာရမ်အဖွဲ့သည် အင်အားနည်းပါးသွားခဲ့ပြီဖြစ်ကြောင်း နိုင်ဂျီးရီးယားအစိုးရနှင့် စစ်တပ်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly