ဖိလစ်ပိုင်လူငယ်တွေကြား ရေးပန်းစားနေဆဲ အသက်ရာကျော် အဘွားအိုရဲ့ ရှေးရိုးရာ တက်တူးလက်ရာ

ဖိလစ်ပိုင်လူငယ်တွေကြား ရေးပန်းစားနေဆဲ အသက်ရာကျော် အဘွားအိုရဲ့ ရှေးရိုးရာ တက်တူးလက်ရာ

 

ဖိလစ်ပိုင်က တက်တူးရှိုးပွဲတစ်ရပ်မှာ အသက်ရာကျော် အဘွားအိုတစ်ယောက်က လူငယ်လူရွယ်လေးတွေရဲ့ လက်မောင်းလက်ဖျံပေါ်မှာ ဆေးမင်စုပ်လို့ တက်တူးလှလှ ထိုးပေးနေတဲ့ မြင်ကွင်းဟာ   နေ့တိုင်းတွေ့မြင်နိုင်မယ့် မြင်ကွင်းတော့ မဟုတ်ပါ။

ခုလို လူငယ်တွေ စွဲစွဲလမ်းလမ်း လာပြီး တက်တူး ထိုးခံကြရတဲ့ အဘွားအို အော်ဂေးဟာ တက်တူးခရေဇီ လူငယ်တွေရဲ့ လက်မောင်းပေါ် တေ့တင်ထားတဲ့ မင်စုပ်တံကို  သစ်သားတူတံငယ်နဲ့ လက်ငြိမ်ငြိမ် ရိုက်ပြီး ဆေးမင်အလှကို ဖော်လို့ တက်တူးထိုးပေးနေပါတယ်။

ဖိလစ်ပိုင် မြို့တော်မှာ သုံးရက်ကြာ  တက်တူူး ရှိုးပွဲမှာ နောက်တွေ့ချင်ရင်တောင် တွေ့နိုင်ဖို့ သိပ်မများတော့တဲ့ အသက်အရွယ် ရောက်နေသူ အသက် ၁၀၁ လောက် ရှိနေတဲ့ အဘွား အော်ဂေးက ရှိုးပွဲလာ ဆေးမင်ကြောင် ချစ်သူ ထောင်ပေါင်းများစွာ မြင်ကွင်းရှေ့ ဆေးမင်စုပ်ထိုးပေးလို့ ပရိသတ်ကို ဆွဲဆောင်ထားနိုင်ပါတယ်။

အဘွားအို အော်ဂေးဟာ အစွန်အဖျား ရွာတစ်ရွာမှာ မွေးဖွားသူပါ။ အဘွားရဲ့ အသက်နဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာကလည်း နည်းတာကြောင့် ရှိဆဲအသက်ကို တိတိကျကျတော့ မသိနိုင်ပါဘူး။
အဘွားဟာ လူဇွန်အရပ် Butbut တိုင်းရင်းသား မျိုးနွယ်စုက ဖြစ်ပြီး ဖိလစ်ပိုင်က ခန္ဓာကိုယ်ဆေးခြယ်အနုပညာ မြတ်နိုးသူတွေကြားမှာတော့ အထင်ကရ ဆေးမင်ပညာရှင်ပဲဖြစ်ပါတယ်။

အဘွားရဲ့ ရိုးရာအငွေ့အသက် တက်တူးဒီဇိုင်းတွေ၊ ဆေးမင်ထိုးရာမှာ သုံးတဲ့ နည်းစနစ်နဲ့ ပစ္စည်းတန်ဆာတွေကြောင့် တက်တူးချစ်သူတွေရဲ့ အသည်းစွဲဖြစ်နေသူပါ။ မီးသွေးနဲ့ ရေကို ရောနှောထားတဲ့ သဘာဝမင်ကို အရိုးတပ်စုပ်တံနဲ့ လူ့အရေးပြားမှာ ထိုးပေးရာမှာ ရိုးရိုးထိုးတာ မဟုတ်ပါ။ စုပ်တံကို သစ်သားတူတံငယ်နဲ့ ထုနှက်လို့ ထိုးထိုးပေးသွားတာ ဖြစ်ပါတယ်။

လာပြီး တက်တူးထိုးကြသူတွေရဲ့ အရေပြားပေါ် အဘွား အော်ဂေးက သူတို့လူမျိုးတွေရဲ့ ဓလေ့ရိုးရာတွေပေါ်မှာ အခြေခံတဲ့ ကိုယ်ပိုင်အနုပညာကို ဆေးမင်စုပ်ထိုးပေးတာပဲ ဖြစ်ပါတယ်။

အဘွားအော်ဂေးရဲ့ တက်တူးအနုလက်ရာအတွက် တစ်လက်မအရှည်ကို ပီဆို ၃၀၀(အမေရိကန်ဒေါ်လာ ငါးဒေါ်လာ) ပေးရပါတယ်။ ဒီအဖိုးအခဟာ အခြားဆေးမင်ပညာရှင်တွေ ယူတဲ့ အဖိုးထက် များစွာ များနေပေမယ့် အဘွားလက်ရာ အသည်းစွဲသူတွေကတော့  ငွေကြေး ပိုကုန်ကျခံနေကြတာပါပဲ။

ရှိုးပွဲကိုလာတဲ့ တစ်ချို့သူတွေကတော့ လူတိုင်းတော့ အဘွားဆီမှာပဲ အထိုးခံကြတာမဟုတ်ကြောင်း EPA သတင်းဌာနကို ပြောပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အထိုးခံသူတွေ များလို့ စောင့်ရတာ စိတ်မရှည်ကြလို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့အတွက် အခြားရွေးစရာ အခွင့်အလမ်းကတော့ မနီလာကနေ ဆယ်နာရီလောက် ကားမောင်းသွားရတဲ့ တောင်ထူထပ်ရာ ကာလင်ဂါပြည်နယ်က အဘွားရွာဆီ အရောက်သွားပြီး ဆေးမင်ထိုးဖို့ပါပဲ။

ဒီလို သွားရောက် တက်ထိုး ထိုးကြရာမှာလည်း သောကြာနေ့ အရောက်သွားတဲ့သူတွေဟာ ကံမကောင်းရင် တစ်ခါတစ်ရံဆို ကိုယ့်ထက်အရင်ရောက် စောင့်နေသူတွေ တစ်ဒါဇင်လောက် ရှိနေတာကြောင့် နောက်နေ့ စနေနေ့မှ ထိုးနိုင်တာမျိုးလည်း ကြုံနိုင်ပါတယ်။

ဘာကြောင့်လည်း ဆိုတော့ အဘွား အော်ဂေးဟာ တစ်နေ့မှ လူရှစ်ယောက်ပဲ လက်ခံထိုးပေးပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ ဒီထက်ပို ထိုးပေးတတ်လို့ပါတယ်။

မနီလာက လူငယ်ထုအနေနဲ့ ခေတ်ရေစီးနဲ့ အညီ ဒီဇိုင်းတွေ၊ အပြင်အဆင်အဝတ်အစားတွေအပေါ် လူငယ်ဘာဝ ရူးသွပ်ကြမှာပဲဖြစ်ပေမယ် အဘွား အို အော်ဂေးရဲ့ ဆေးမင်တက်တူး အနုလက်ရာနဲ့ အဲဒီ လက်ရာအပေါ်မှာ နှစ်သက်စွဲလမ်းသူတွေ ရှိနေတာဟာ ရိုးရာဆိုတာ မတိမ်ကောနိုင်တဲ့ ဒီဇိုင်းပါဆိုပြီး စမ်းသပ်ခံပြနေတာပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly