NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို

NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃ ။          ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အချက် ၈ ချက်အနက် သုံးပုံ နှစ်ပုံကျော် ပြေလည်ပြီး အချက်အားလုံးပြေလည်ရန် လတ်တကမ်းအလိုရောက်လာပြီဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောဆိုလိုက်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ အစိုးရသို့ အချက် ၈ ချက်တောင်းဆိုထားပြီး အဆိုပါအချက်များအား လုံးပြေလည်ပါက အပစ်ရပ်လက်မှတ် (NCA) ရေးထိုးမည်ဖြစ်ကြောင်းပြောဆိုထားသည်။

လက်ရှိတွင် အချက် ၈ ချက်အနက် အချက် ၄ ချက်ကို အစိုးရနှင့် UNFC မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဆွေးနွေး ချက်အရ မူအားဖြင့် သဘောတူညီချက်ရရှိထား ပြီး ကျန်ရှိနေသည့် နံပတ် ၅ မှ ၈ အထိအချက်များကို ဆွေးနွေးနေကြ ခြင်းဖြစ်သည်။

“ နံပတ် ၅ ကအခြေခံအားဖြင့်ရပြီ။ နံပတ် ၆ ကပြေလည်သလောက်ဖြစ်ပြီ ။နံပတ် ၇ကဆုံးဖို့နည်းနည်းပဲကျန်တော့တယ်။ ပြန်ကြည့်လိုက်ရင် ဒီ ၈ချက်က ပြောဆိုရင် ၃ ပုံ ၂ ပုံကျော်လာပြီပေါ့။ လက်တကမ်းအလိုလောက်ပဲရောက်လာပြီ။ ဒါပေမယ့် မနက်ဖြန်အစည်းအဝေး ဘယ်လောက်ပြတ်ဦးမလဲတော့မသိသေးဘူးပေါ့ “ ဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောသည်။

ယနေ့ (အောက်တိုဘာ ၂၃ ရက်) ရန်ကုန်မြို့ ရွှေလီလမ်းရှိ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင် (PC) နှင့် DPN  တို့ ပြုလုပ် နေသည့်အစည်းအ ဝေးအပြီးတွင်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

UNFC ၏ အဆိုပြုချက် ၈ ချက်အပေါ် DPN နှင့် PC တို့အကြား ညှိနှိုင်းဆွေးနွေးသည်မှာ ၇ ကြိမ် ရှိပြီ ဖြစ် သော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးသည်မှာ ၁၅ လ ကြာခဲ့ပြီ ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် NCA လက်မှတ် မရေးထိုးသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊  မွန်ပြည်သစ်ပါတီ (NMSP)၊  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags