မန္တလေးရှိ ဟိုတယ်၊ တည်းခိုခန်းများ မီးဘေးလုံခြံုရေး အပတ်စဉ်စစ်ဆေး

မန္တလေးရှိ ဟိုတယ်၊ တည်းခိုခန်းများ မီးဘေးလုံခြံုရေး အပတ်စဉ်စစ်ဆေး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း နှင့် မိုတယ်များ၏ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုအနေများကို အပတ်စဉ်တိုင်းမပျက်မကွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၆)လမ်း နှင့် (၆၆)လမ်းထောင့်ရှိ HILTON MANDALAY တွင်လည်း ယနေ့ အောက်တိုဘာ(၂၃)ရက် ညနေပိုင်းက မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းနိုင် ဦးစီး၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မီးငြိမ်းသတ်နည်းများ သရုပ်ပြခဲ့သည်။

'' ဟိုတယ်တွေ ဈေးတွေ KTV တွေကို ဦးစားပေးပြီး ဒီအပတ်က စပြီး စစ်ဆေးနေပါတယ်၊ မြို့နယ် (၂၈)မြို့နယ်မှာရှိတဲ့ ဈေးတွေ ဟိုတယ်တွေကို မြို့နယ်အလိုက် စစ်ဆေးတယ်၊ စစ်ဆေးလို့ လိုအပ်ချက်ကို ပြင်ဆင်ဖို့ အကြံပြုချက်ပေးတာကို လိုက်နာဆောင်ရွက်မှုမရှိတဲ့ ဟိုတယ်၊ ဈေး၊ KTV တွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

ဟိုတယ် အကြီး အသေး အနိမ့် အမြင့်ပေါ် မူတည်၍ အလိုလျောက် မီးငြိမ်းသတ်သည့် ကိရိယာများ တပ်ဆင်ထားခြင်းရှိမရှိ၊ အရေးပေါ် ထွက်ပေါက်များ ရှိမရှိ၊ မီးသတ်ဆေးဗူးများ လုံလောက်မှု ရှိမရှိ၊ အသုံးပြုနိုင်ခြင်းရှိမရှိ စသည့်တို့ကို စစ်ဆေးသွားမည်ဖြစ်သည်။

'' ဟိုတယ်တွေ စစ်ဆေးတာက ရန်ကုန်မှာ ဟိုတယ်မီးလောင်လို့ စစ်ဆေးတာတော့ မဟုတ်ဘူး၊ ပုံမှန်တော့ စစ်ဆေးနေတာပါ၊ တိုင်းဝန်ကြီးချုပ်ကလဲ ညွန်ကြားမှု လုပ်နေတာတွေရှိပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသည် ပုံမှန် နေအိမ်များအား တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် အသိပညာပေး ဟောပြောခြင်း နှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly