ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ အမျိုးသားကို ဘင်္ဂလားဒေ့ရှ်တွင်ရုံးထုတ်

ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ အမျိုးသားကို ဘင်္ဂလားဒေ့ရှ်တွင်ရုံးထုတ်
ဓါတ်ပုံ- ဒေါ်စောမြရာဇာလင်း FB
 

ရန်ကုန်၊ အောက်တိုဘာ ၂၃ ။           ။ ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ အမျိုးသား ဦးဦးချစ်မောင်ကို ဘင်္ဂဘားဒေ့ရှ်အစိုးရမှ ယနေ့ (အောက်တိုဘာ ၂၃) ရက်တွင် ဒါကာမြို့တရားရုံး၌ ရုံးထုတ်သွားကြောင်း ဒေါ်စောမြရာဇာလင်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ ဒါကာမြို့တရားရုံးမှာ ဒီနေ့ရုံးထုတ်တယ်လို့ ကျွန်မသိပါတယ် “ ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၈ ရက်က အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ထွက်ခွာသည့် လေယာဉ်အားစောင့်ဆိုင်းနေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ လေဆိပ်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး ၆ ရက်မြောက်တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

မည်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးသော်လည်း လက်ရှိဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းအရေးကိစ္စတွင် ၎င်း၏ အမျိုးသမီးဖြစ်သူ ရခိုင်အမျိုးသမီးအစည်း အရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပါဝင်သည်ဆိုသည့် စွဲချက်ပါဝင်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း က “ ကြိုးစားနေတာတော့ ဘင်္ဂလားဒေ့ရှ် အမတ်ဟောင်းတစ်ယောက်ဖြစ်တဲ့ လက်ရှိအာဏာရ အစိုးရရဲ့ ကော့ဘဇားခရိုင် ဒုတိယဥက္ကဋ္ဌ သူကကျမယောက်ကျားရဲ့ညီမအရင်းဖြစ်တယ်။ သူညီမနဲ့ သူ့ရဲ့အမျိုးသားဖြစ်တဲ့ ကော့ပဇားကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဦးကျော်သိန်းအောင်တို့ကနေပြီး တော့ကျွန်မ သားသမီးတွေနဲ့အတူ လွှတ်မြောက်ရေးကြိုးစားနေကြတာဖြစ်ပါတယ် “ ဟုလက်ရှိအခြေအနေကို ရှင်းပြသည်။

ယခု အဖမ်းခံခဲ့ရသည့် ဦးဦးချစ်မောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်အမျိုးသား တစ်ဦးဖြစ်သည်။

ဒေါ်စောမြရာဇာလင်းသည် ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌတစ်ဦးဖြစ်သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် တယောက်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly