အစဉ်အလာမပျက် ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပြန်တဲ့ မာဆေးလ်ဘောလုံးလူဆိုးများ

အစဉ်အလာမပျက် ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပြန်တဲ့ မာဆေးလ်ဘောလုံးလူဆိုးများ

အောက်တိုဘာ ၂၃၊ မာဆေးလ် ။        ။ မာဆေးနဲ့ပီအက်စ်ဂျီအသင်းတို့ရဲ့ပွဲမတိုင်ခင်မှာ မာဆေးအသင်းရဲ့ ဘောလုံးလူဆိုးပရိသတ်တွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။

မာဆေးလ်မြို့ရဲ့ဘောလုံးလူဆိုးတွေဟာ မီးခိုးဗုံးတွေ မီးရူးမီးပန်းတွေ မာကျောတဲ့အရာဝတ္ထုတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။ ဒါကြောင့် ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ ထိန်းသိမ်းလူစုခွဲခဲ့ရပါတယ်။

မာဆေးပရိသတ်တွေဟာ ပြိုင်ဘက်အသင်းပရိသတ်တွေနဲ့ မကြာခဏပြဿနာဖြစ်ပွားလေ့ရှိသူတွေပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ရုရှနဲ့အင်္ဂလန်ကလာတဲ့ ပရိသတ်တွေနဲ့  ပြဿနာဖြစ်ပွားခဲ့ကြပါသေးတယ်။

ဒါကြောင့်ပဲ ဒေသအာဏာပိုင်တွေက မာဆေးလ်နဲ့ပီအက်စ်ဂျီအသင်းတို့ရဲ့ပွဲစဉ်ကို ပီအက်စ်ဂျီပရိသတ်တွေ လာရောက် မကြည့်ရှုဖို့ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒီလိုတားမြစ်ခဲ့ရတာက ပြီးခဲ့တဲ့ရာသီနှစ်ခုကတည်းကပါ။

မာဆေးလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ပွဲကတော့ အကြိတ်အနယ်ကစားပြီး တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ မာဆေးလ်အသင်းအတွက် ဂူစတာဗိုနဲ့သော်ဗင်တို့က ဂိုးတွေသွင်းယူပေးခဲ့ကြပြီး ပီအက်စ်ဂျီအသင်းအတွက် နေမာနဲ့ကာဗာနီတို့က ဂိုးတွေပြန်လည်သွင်းယူပေးခဲ့ပါတယ်။ 

မာဆေးလ်အသင်းဟာ ၈၅ မိနစ်အထိ ၂-၁ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ကာဗာနီရဲ့နောက်ကျချေပဂိုးကြောင့် သရေကျခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ဒီပွဲမှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။ ဒီအနီကတ်က နေမာရဲ့ ကစားသမားဘဝမှာ ၈ ကြိမ်မြောက် ပြသခံရတဲ့ အနီကတ်လည်း ဖြစ်ပါတယ်။

ရည်ညွှန်း အေအက်ဖ်ပီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly