၈၈ ခေါင်းဆောင် ဦးကိုကိုကြီးနှင့် မဇ္စျိမမီဒီယာတို့ သီးသန့် တွေ့ဆုံမေးမြန်းခြင်း

၈၈ ခေါင်းဆောင် ဦးကိုကိုကြီးနှင့် မဇ္စျိမမီဒီယာတို့ သီးသန့် တွေ့ဆုံမေးမြန်းခြင်း
အမေရိကန် သံအမတ် နှင့် ၈၈မျိုးဆက်အဖွဲ့တို့ သြဂုတ် ၁၇ရက်က ၈၈ရုံးတွင် တွေ့ဆုံ။ (ဓာတ်ပုံ-88 Generation)

သြဂုတ်လ ၁၇ ရက် ။       ။  ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၈၀ကျော်သာ ကျန်ရှိတော့သည့်အချိန်၌၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ နေရာအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

အာဏာရပါတီခေါင်းဆောင်အပြောင်းအလဲနှင့်အတူ နိုဝင်ဘာရွေးကောက်ပွဲအပေါ် သက်ရောက်မှုများ၊ လက်ရှိနိုင်ငံရေးအပေါ်အမြင်၊ သမ္မတလောင်းအခက်အခဲ၊ ၈၈ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တို့ အပါအဝင် ၂၀၁၅ အလွန် ၈၈ မျိုးဆက်များ၏ ရပ်တည်ချက် စသည်တို့ကို၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးကိုကိုကြီး အား သြဂုတ်လ ၁၇ ရက်တွင် ၎င်း၏ ရန်ကုန်မြို့ နေအိမ်၌ မဇ္ဈိမ အကြီးတန်းသတင်းထောက် ဟိန်းကိုစိုး က သီးသန့် တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

ပြည်ခိုင်ဖြိုး အကွဲအပြဲ၊ ခေါင်းဆောင်သူ အပြောင်းအလဲအပေါ်နှင့် အနာဂတ် သမ္မတ အရည်အချင်း အခက်အခဲများများအပြင် နိုင်ငံရေး၊ စီးပွားရေးအမြင်များ "အရင်အစိုးရမှာ၊ ထိပ်ပိုင်းတာဝန် ထမ်းဆောင် ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ၊ ဦးရွှေမန်းဆိုရင်လည်း နံပါတ် ၃ ခေါင်းဆောင်ပဲ၊ ဒီလူတွေအားလုံးက အရင်စစ်အစိုးရရဲ့ ဒီဇိုင်းအတိုင်းပြောင်း လာတာ"………………

မေး ။    ။ အာဏာရပါတီအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နေရာအပြောင်းအလဲတွေကတစ်ဆင့် ၂၀၁၅ ရွေးကောက်ပွဲ ကို ထိခိုက်လာနိုင်မယ့် အခြေအနေရှိတယ်လို့ ဦးကိုကိုကြီးအနေနဲ့ ထင်မိလား။

KKG ။    ။ ယေဘုယျပြောလို့ရှိရင်တော့ ပါတီအတွင်းခေါင်းဆောင်ပိုင်းကိစ္စက ပါတီနဲ့ပဲဆိုင်တယ်ပေါ့။ ဒါပေမယ့် ဘာကြောင့်အဲဒီလိုဖြစ်လာသလဲဆိုတဲ့ အကြောင်းအရင်းတွေကိုလည်း သုံးသပ်ဖို့ လိုတာပေါ့။ အကြောင်းတွေထဲမှာ မူဝါဒဆိုင်ရာသဘောထားကွဲလွဲမှု၊ နေရာချထားမှုနဲ့ ပက်သက်တဲ့အကြောင်းအရင်း၊ သဘောကတော့ လူပိုင်း၊ မူပိုင်းပေါ့။ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်အပြောင်းအလဲက လက်ရှိသမ္မတ၊ လွှတ်တော် အားပြိုင်မှုသက်သက် မဟုတ်တော့ပဲနဲ့ ၂၀၁၅ရွေးကောက်ပွဲအလွန် နိုင်ငံရေးအတွက် ပြင်ဆင်မှုလို့ပဲ ကျွန်တော်က ထင်တယ်။

ဘာဖြစ်လို့လဲဆိုရင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတဲ့အချိန်ကစပြီးတော့ သဘောထားကွဲလွဲမှုတွေရှိတယ်လို့သိရတယ်။ ဥပမာဆိုရင် သမ္မတရုံး ဝန်ကြီးတစ်ချို့ တစ်သီးပုဂ္ဂလဝင်ဖို့ဖြစ်လာ တယ်ဆိုတာက ပါတီရဲ့ ကိုယ်စားလှယ် ရွေးချယ်မှု အဆုံးအဖြတ် ပေါ် မူတည်တယ်ဆိုတော့ ဥက္ကဌအပြောင်းအလဲလုပ်ပြီးရင် ဥက္ကဌအသစ်ရဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးမူဝါဒ၊ အရင်ဥက္ကဌဟောင်း ဦးရွှေမန်းနဲ့ ဘယ်လောက် ပြောင်းလဲမှု ဖြစ်သွားမလဲကို မသိရသေးဘူး။ နောက်တစ်ခုက မဟာမိတ်ပေါ်လစီပေါ့။ မဟာမိတ်ပေါ်လစီကလည်း ရှင်းရှင်းလင်းလင်း မရှိဘူး။ ဘယ်ပါတီနဲ့ မဟာမိတ်လုပ် မလဲ။ ရွေးကောက်ပွဲအလွန်အထိ ဘယ်ပါတီနဲ့ အပေးအယူ နက်နက်ရှိုင်းရှိုင်း ရှိထားသလဲ။ အဲဒါကို ကျွန်တော်တို့ သေချာမသိရဘူး။ အဲဒီတော့ ဥက္ကဌအသစ်ကော၊ အရင်ဥက္ကဌထမ်းဆောင်ခဲ့တဲ့ ၂၀၁၅ အလွန် နိုင်ငံရေးအခင်းအကျင်းနဲ့ အခုအသစ်ကကော ဘာတွေပြောင်းလဲမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည်ရမယ်။ ကိုယ်စားလှယ်လောင်း အပြောင်းအလဲ ရှိမလား။ အဟောင်းတုန်းကလုပ်ထားတဲ့ စာရင်းတွေက အခုအသစ်တာဝန်ပြန်ယူတဲ့အချိန်မှာ ကိုယ်စားလှယ်လောင်းစာရင်း အပြောင်းအလဲ ရှိမလားဆိုတာလည်း စောင့်ကြည့်ရမယ်။

မေး ။     ။ အခုဥက္ကဌနေရာက ပြောင်းရွှေ့ခံရတဲ့ သူရဦးရွှေမန်းက ဒီမိုကရေစီကိုပြောင်းလိုတဲ့ စစ်တပ်အရာရှိ ဟောင်းလို့ ဆိုလို့ရလား။ ဒါမှမဟုတ် ဦးကိုကိုကြီးတို့ သိထားတဲ့ပုံစံကို ပြောပြပေးပါဦး။

KKG ။    ။ ကျွန်တော်ကတော့ လူတွေကိုတည်ပြီးမပြောပဲ နိုင်ငံရေးလမ်းကြောင်းအရတည်ပြီးပြောရင် အခုဖြစ်တဲ့အကြောင်းအရာတွေအားလုံးက အရင်စစ်အစိုးရရဲ့ ဒီဇိုင်းပဲ။ ဒီစစ်အစိုးရပုံစံနဲ့ ရေရှည် ဆက်သွား လို့မရဘူးဆိုတာ သူတို့သိတယ်။ အဲဒီတော့ တရားဝင်မှုဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ အစိုးရပုံစံဖြစ်အောင် လမ်းပြမြေပုံ ၇ ချက်နဲ့ သွားမယ်ဆိုတဲ့ဒီဇိုင်းကို အရင်စစ်အစိုးရက ချခဲ့တယ်။ ချခဲ့တဲ့ အထဲမှာ အခုခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အရင်အစိုးရမှာ ထိပ်ပိုင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။ ဦးရွှေမန်းဆိုရင်လည်း နံပါတ် ၃ခေါင်းဆောင်ပဲ။ ဒီလူတွေအားလုံးက အရင်စစ်အစိုးရရဲ့ ဒီဇိုင်းအတိုင်းပြောင်းလာတာ။ တစ်ကယ်က ၂၀၁၀ ရွေးကောက်ပွဲဆိုပေမယ့် Selection ပဲ ဘယ်သူက သမ္မတ၊ ဘယ်သူက လွှတ်တော် ဥက္ကဌ၊ ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ် ဆိုတဲ့ အားလုံးက အရင်အစိုးရ ချပေးခဲ့တဲ့ ဒီဇိုင်းအတိုင်းသွားနေတာ။ အဲတော့နိုင်ငံကို နိုင်ငံတစ်ကာနဲ့ ဆက်ဆံဖို့ လိုတယ်ဆိုတာ၊ ဒီမိုကရေစီကူးပြောင်းနေတယ် ဆိုတာကို သူတို့စီစဉ်ထားတဲ့ ဒီဇိုင်း အတိုင်းလုပ်ဖို့ ဆိုတာတွေ အားလုံးက အရင်အစိုးရက ချခဲ့တဲ့ပုံစံထဲမှာ ဒီလူတွေအားလုံးက က'နေတာ။

အဲဒီမှာမှ အရင်တုန်းကတော့ ဗဟိုအာဏာနဲ့ သွားနေရာက အာဏာခွဲဝေမှုအပိုင်းမှာ ပုံသဏ္ဍန်အရ အတွင်းအားပြိုင်မှုတွေ ပေါ်လာတာ။ အတွင်းအားပြိုင်မှုတွေ ဘယ်လောက်ပဲပေါ်ပေါ် အရင်ဒီဇိုင်းကို ထိခိုက်ပြီဆိုရင်တော့ အဲဒီအခြေအနေကို အရောက်မခံဘူး။ သူတို့ ဒါကို ပြန်ပြီးတော့ ထိန်းကျောင်း ပြုပြင် လိုက်တယ်။ တစ်ဦးချင်းမှာ ဖွဲစည်းပုံအခြေခံဥပဒေအရ အကာကွယ်ယူထားတဲ့နေရာမှာ အရင် အစိုးရထက် အခုခေါင်းဆောင်တွေလည်းပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတယ် လို့ ပြောချင်တယ်။ လူအနေနဲ့ ကျွန်တော်မပြောချင်ဘူး။

နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာတဲ့အခါကျတော့ လူထုယုံကြည်ထောက်ခံမှု လိုအပ်တယ်ဆိုတာကိုလည်း သဘောပေါက်နားလည်လာတယ်။ ဒါကြောင့် ဦးသိန်းစိန်ဆိုလည်း ပထမသက်တမ်း တစ်ဝက်မှာ သူက ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ပြည်တွင်းကကော နိုင်ငံတစ်ကာကကော ဝိုင်းပြီးချီးကျူးကြတာ အများကြီး ဖြစ်လာတယ်။ အခုနောက်ပိုင်းမှာကျမှ ကျွန်တော်တို့ ကြုံရတဲ့ပြဿနာက တိုင်းပြည်ရဲ့ အဆောက်အအုံတွေ က အရင်အဟောင်းဖြစ်နေတယ်။ အဲဒီအဟောင်းတွေကို ကိုင်တွယ်ရတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ အရင်အဟောင်းနဲ့ ထိပ်တိုက်ဖြစ်တယ်။ နောက်တစ်ခုကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဿနာက ဒီမိုကရေစီအင်အားစုကြားထဲသာမက သူတို့ကိုယ်တိုင်ထဲမှာကို စည်းမပျက်ဘူး။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ထိပ်တိုက်ဖြစ်တာက ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကို လာပြီးပြတယ်။

ဖွဲစည်းပုံပြဿနာက တစ်ယောက်တည်း စိတ်ကြိုက်လုပ်လို့မရအောင် တစ်ယောက်ကို တစ်ယောက် ထိန်းညှိထားတာက ထိန်းညှိတဲ့အဆင့် လွန်သွားရင် တစ်ယောက်နဲ့တစ်ယောက် အားပြိုင်တဲ့ အဆင့် ကိုရောက်သွားနိုင်တယ်။ ကျွန်တော်က ယေဘုယျပြောရင်တော့ အခုအပြောင်းအလဲဆိုတာ အရင်ဒီဇိုင်း အတိုင်းပဲ လူတွေက ကစားသမားအဖြစ် ဒီအထဲမှာ ဝင်နေတာ။ အဲဒီတော့ ဒီမိုကရေစီအဖွဲ့တွေက တိုင်းပြည်မှာ လွှတ်တော်တွေ၊အစိုးရတွေဆိုတာက သက်တမ်းနဲ့သွားတာ။ သက်တမ်းနဲ့ မဟုတ်ပဲ ကြာကြာဆက်ဆံရမယ့်ဟာကစစ်တပ်။ တစ်ချိန်ချိန်မှာတော့စစ်တပ်ကို မူလတာဝန်ထမ်းဆောင်တဲ့ခေတ်မှီ စစ်တပ်ဖြစ်အောင် ကြိုးစားဖို့က ကျွန်တော်တို့ ရည်မှန်းချက်။ အဲဒီအခြေအနေမရောက်ခင် ဒီမိုကရေစီအင်အားစုတွေနဲ့ စစ်တပ်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနဲ့ ဆက်ဆံရေး၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေးကို သေသေချာချာနားလည်ချဉ်းကပ်နိုင်မှ ဒီနိုင်ငံအပြောင်းအလဲကို ဖြတ်နိုင်မှာ။

တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်ထောင်စုပြိုကွဲတော့မယ်ဆိုရင် စစ်တပ်က နိုင်ငံရေးထဲကို ဝင်လာတယ်။ စစ်တပ်နိုင်ငံရေးထဲက ပြန်ထွက်သွားဖို့ဆိုရင် အဲဒီတိုင်းရင်းသားကိစ္စ ဖက်ဒရယ် အရေးကို နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အမြင်မူဝါဒ ရှိရမယ်။ ဒါကသုံးပွင့်ဆိုင်ကိစ္စ ဒီမိုကရေစီ၊ တိုင်းရင်းသား၊ စစ်ဖက်အင်အားစုများ။ အဲဒါကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်မှနိုင်ငံအပြောင်းအလဲ ကညင်သာမယ်လို့မြင်တယ်။ အခုနိုင်ငံမှာက လူတွေကိုပဲတည်ပြီးစဉ်းစားနေတယ်။ သမ္မတ၊ လွှတ်တော်ဥက္ကဌ၊ အတိုက်အခံခေါင်းဆောင်၊ တိုင်းရင်းသားလက်နက်ကိုင်စတဲ့ လူတွေကိုတည်ပြီးပဲ စဉ်းစားနေ ရတယ်။ အဲဒီလိုကနေ ဒီလူမရှိလဲ သူရဲ့ဦးဆောင်မှု၊ စဉ်းစားမှုတွေကို ကျန်တဲ့လူတွေက အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေးမျိုး ပေါ်လာဖို့လိုတယ်။

မေး ။    ။ ၂၀၁၅ အလွန်မှာကော သူတို့ (စစ်အစိုးရ) က ဘယ်လိုအစီအစဉ်မျိုးနဲ့ ဘယ်သူတွေက ဘယ်နေရာတွေယူပြီး ဆက်ပြီးသွားမယ်ဆိုတဲ့ အစီအစဉ်တွေ ရှိနေသေးတယ်လို့ ထင်လားခင်ဗျ။

KKG ။    ။ အရင်ဆုံး မူဝါဒဆိုင်ရာစဉ်းစားပြီးမှ လူကို စဉ်းစားရမယ်။ ဒါကတော့ ကျွန်တော့အယူအဆပေါ့။ နောက်တစ်ခုက ၂၀၁၀ က တပ်ကလူတွေက ပြောင်းတာ။ အဲဒီတုန်းက သူ့လက်သူ့ခြေပြောင်း လို့ရတယ်။ အခုဟာက ပါတီတစ်ခုကနေ၊ တစ်ခြားပါတီတွေကလည်း ရွေးကောက်ပွဲအနိုင်ရသူတွေရှိပြီး ဇတ်ကောင်တွေ အဖြစ်ပါလာမှာ။ အဲဒီတော့ သူ့တစ်ဖက်နဲ့တော့ နေရာချလို့ မရဘူး။ ဘယ်သူ ဘယ်နေရာမှာ ရှိရမယ် ဆိုတာမျိုး။ သို့သော် အရေးကြီးဆုံးက သမ္မတဘယ်သူဖြစ်မယ်ဆိုတာ ပြဿနာရှိတယ်။ အရင်တုန်းက ၁၉၄၇ ဖွဲ့စည်းပုံအရ ဖြစ်လာတဲ့ ပါလီမန်ဒီမိုကရေစီမှာဆိုရင် ပါလီမန်မှာ တစ်ဝက်ကျော် အနိုင်ရတဲ့သူက ဦးဆောင်သွားမယ်ပေါ့။ အခုဟာက ရှိတာမှ ၄၉၈ နေရာဆိုတော့ တစ်ဝက်ကျော်ရုံနဲ့ အစိုးရမဖွဲ့နိုင်ဘူး။ သမ္မတဖြစ်တဲ့သူကပဲ အစိုးရကို ဦးဆောင်ပြီး ဖွဲ့နိုင်မယ်။ အဲဒီတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်ရဲ့ အဓိကအကျပ်အတည်းက သမ္မတဘယ်သူဖြစ်မလည်းဆိုတာပဲ။ ဒါကအဓိကပဲ။

အဲဒီသမ္မတက ဘယ်လောက် အမြော်အမြင်ရှိရှိနဲ့။ အုပ်စုကွဲ၊ အယူဝါဒ မတူတဲ့သူတွေကို စုစည်းနိုင်မလဲ ဆိုတာက လာမယ့်သမ္မတရဲ့ အဓိကအကျဆုံးအရည်အချင်းပဲ။ စစ်ရေး၊ ကာကွယ်ရေးအမြင်တွေ ဆိုတာ လျောက်ပြောနေတာ။ ဖြစ်လာမယ့်သမ္မတရဲ့ အရည်အချင်းကတော့ ဂိုဏ်းဂဏအကွဲတွေကို ဘယ်လောက် စုစည်းနိုင်မလဲဆိုတာက အဲဒီသမ္မတဲ့ အရည်အချင်းပဲ။ သမ္မတနဲ့လွှတ်တော် ထိန်းကျောင်း တဲ့စနစ်က ပီပြင်လာဖို့ အရေးကြီးတယ်။ လွှတ်တော်ရဲ့ အဓိကတာဝန်က သမ္မတ အုပ်ချုပ်ရေးအဖွဲ့ကို ထိန်းကျောင်းဖို့ပဲ။ အဲဒီတော့ လွှတ်တော်ကို ထိန်းကျောင်းဖို့ကလည်း တရားစီရင်ရေးပဲ။ တရားရေးက လွတ်လပ်အားကောင်းတဲ့ တရားရေးမဏ္ဍိုင် ဖြစ်ရမယ်ဆိုတော့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး။ ရွေးကောက်ပွဲက သမ္မတနဲ့ လွှတ်တော်ကိုပဲ အပြောင်းအလဲ လုပ်နိုင်တယ်။ တရားရေးကို အပြောင်းအလဲ မလုပ်နိုင်ဘူး။ တရားသူကြီးချုပ်က မသေမချင်း၊ ရှုးသွပ်သူမဖြစ်မချင်း ရာသက်ပန် တရားသူကြီးချုပ် ဖြစ်နေတယ်။ အဲဒီဟာကလည်း အရင်အစိုးရက ဒီဇိုင်းချခဲ့တဲ့ တရားရေး။ ရွေးကောက်ပွဲသည် မဏ္ဍိုင် ၂ခုကိုပဲ ပြောင်းလဲနိုင်တယ်။ တရားရေးမဏ္ဍိုင်က ယခင်စစ်အစိုးရက ချခဲ့တဲ့ ဒီဇိုင်းပဲရှိတယ်။ အဲဒီတော့ တရားရေးမဏ္ဍိုင် လွတ်လပ်ဖို့ တရားဥပဒေစိုးမိုးဖို့ ပြဿနာက ဒီနှစ်ခုကို ထိန်းကျောင်းဖို့အတွက် အဓိကမဏ္ဍိုင် ဖြစ်တယ်။  ဒါပေမယ့် ရွေးကောက်ပွဲက တရားရေးမဏ္ဍိုင်ကို မထိန်းနိုင်ဘူး။ သီးခြားဖြစ်နေတယ်ဆိုတော့၊ ဒါကဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကြောင်းပြုပြီးတော့ ဖြစ်လာတဲ့ဆက်စပ်မှုလို့ သုံးသပ်တယ်။

အဲဒီတော့ သမ္မတဘယ်သူဖြစ်မလဲ။ နောက်တစ်ခုက မဲတွေအမြောက်အမြားနိုင်လို့ သမ္မတဖြစ်ရင်တောင်မှ၊ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုမရရင် အဲဒီအစိုးရအသစ်က အလုပ်မလုပ်နိုင်ဘူး။ ကျွန်တော် တို့နိုင်ငံ မပြောနဲ့ ဒီမိုကရေစီနိုင်ငံတွေတောင်မှာတောင် အတွင်းစည်း အစိုးရအဖွဲ့ဆိုတာရှိတယ်။ ဝန်ကြီးချုပ်စနစ် ဆိုရင်၊ ဝန်ကြီးချုပ်၊ ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး ဒါတွေပါမယ်။ အဲဒီသူတွေက အစိုးရအဖွဲ့ရဲ့ အတွင်းစည်း ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ သမ္မတ ၃ယောက်ရယ် ပြည်ထဲရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ စတဲ့အုပ်စုထဲမှာမှ ပူးပေါင်းဆောင်ရွက်မှု မရဘူး ဆိုရင်၊ ဆိုလိုတာက စစ်တပ်က ဒုသမ္မတတစ်ဦး၊ ပြည်ထဲရေး၊ ကာကွယ်ရေးမှာ တစ်ဦးစီ ပါနေတယ်။ ရွေးကောက်ခံသူက သမ္မတဖြစ်ဦးတော့ အဲဒီသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းရင် ထိရောက် တဲ့အစိုးရဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲက အရေးကြီးတာ မှန်တယ်။ တစ်ဖက်က စစ်တပ်နဲ့ ရွေးကောက်ပွဲအလွန် ဆက်ဆံရေးကို အခုကတည်းက ကြိုတင်ညှိနှိုင်းထားနိုင်ရင် ဒီအတွက် ပိုကောင်းမယ်လို့ မြင်တယ်။ ဒါကြောင့်ရွေးကောက်ပွဲနည်းလမ်းတစ်ခုတည်းကို အာရုံစိုက်တာထက်ကို၊ အခုကတည်းက တိုင်းရင်းသား၊ စစ်တပ်၊ သုံးပွင့်ဆိုင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း တစ်ကယ့် တစ်ကယ်ကို ရွေးကောက်ပွဲအစိုးရက ရင်ဆိုင်ရမယ်။ အဲဒီအတွက် ခိုင်မာတဲ့၊ အလုပ်ဖြစ်တဲ့ မူဝါဒတွေ ရှိထားဖို့လိုမယ်။ မဟုတ်ရင် ရွေးကောက်ပွဲပြီးသွားတာ၊ အနိုင်အရှုံးအဖြေပေါ်သွားတာပဲရှိမယ်၊ ဒီနိုင်ငံကို ဘယ်လိုဆက်ပြီး သယ်ယူမလဲဆိုတာနဲ့ ပက်သက်ပြီး အခုဖြစ်နေတဲ့ ပဋိပက္ခတွေပေါ်ကြည့်ပြီး စိုးရိမ်တယ်။

မေး ။    ။ ၂၀၁၅ အလွန် သမ္မတအရည်အချင်းတွေကို ရှင်းပြသွားတယ်။ အဲဒီလိုမျိုး သမ္မတတစ်ယောက် အတိုက်အခံတွေဖက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဲဒီလိုအရည်အချင်းရှိတဲ့သူမျိုး သတိထားမိ သူရှိလား။

KKG ။    ။ အဲဒါကတော့ ကျွန်တော်တို့ဖက်မှာ ပြောနေတာရှိတယ်။ လုပ်ပိုင်ခွင့်မှ မရသေးပဲနဲ့ ကြိုပြီးတော့ ကောက်ချက်မချဖို့ ပြောကြတယ်။ အဲတော့ ကျွန်တော်တို့ကလည်း လုပ်ပိုင်ခွင့်ရချိန်မှာ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရမယ်လို့ပဲ ဆိုချင်ပါတယ်။

မေး ။    ။ လုပ်ပိုင်ခွင့်ရမှ ပြောလို့ရမယ်၊ ကြည့်လိုရမယ် ဆိုတာထက်၊ တစ်ကယ့်နိုင်ငံရေးလောကမှာ ပါဝင်လုပ်ဆောင်နေတဲ့သူရဲ့ လုပ်ဆောင်ချက်တွေ သဘောထားတွေအပေါ်မှာပဲ ကြည့်ပြီး သိမြင်နိုင်သလောက် ခန့်မှန်းလို့ရနိုင်တဲ့သူ မသိထားဖူးလား။

KKG ။    ။ ခုနကပြောသလိုပဲ လုပ်ပိုင်ခွင့်ရခဲ့တဲ့ အစိုးရအဆက်ဆက်မှာလည်း အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျပြီးတော့ ကျန်ခဲ့တယ် ဆိုတော့၊ လုပ်ပိုင်ခွင့်ရခဲ့သူတွေ အရည်အချင်းကတော့ တွေ့ပြီးပြီ။ လုပ်ပိုင်ခွင့်မရသေးတဲ့သူတွေကိုတော့ သူတို့ကို တစ်လှည့်တော့ လုပ်စေချင်တယ်။ အဲဒါမှလည်း ကျွန်တော်တို့ ပြည်သူတွေကလည်း အရင်လူတွေထက် ပိုကောင်းတဲ့၊ ပိုသာတဲ့ ရလာဒ်တွေ လုပ်ပေးနိုင်မလား ဆိုတဲ့ စမ်းစစ်မှုတွေ လုပ်နိုင်မှာပါ။ ရာစုနှစ်တစ်ဝက်လောက် လုပ်ပိုင်ခွင့်ရခဲ့သူတွေရဲ့ အရည်အချင်းကတော့ သိနေပြီ။ ကျွန်တော်တို့ဖက်ကလူတွေ လုပ်ပိုင်ခွင့်ရရင်တော့ အဲဒီထက် မဆိုးလောက်ဘူးလို့ ကျွန်တော်တော့ မျှော်လင့်ရတာပဲ။

မေး ။    ။ လက်ရှိသမ္မတ ဦးသိန်းစိန်ကကော ပြုပြင်ပြောင်းလဲတဲ့ ဆန္ဒရှိသူလား။ နိုင်ငံကို သူကိုယ်တိုင် ဦးဆောင်ပြီး လုပ်ချင်တာကို ကိုယ်တိုင်အကောင်အထည်ဖော်နိုင်သူလို့ ဦးကိုကိုကြီးအနေနဲ့ ထင်လား။

KKG ။    ။ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတယ်ဆိုတာကိုတော့ သိခွင့်ရခဲ့တယ်။ ဒါပေမယ့် အကန့်အသတ်တွေ ရှိတယ်ဆိုတာကိုလည်း လက်ခံရမယ်။ အကန့်အသတ်ဆိုတာက အရင်အစိုးရက ချပေးလိုက်တဲ့ အစီအစဉ် ထဲမှာလုပ်ရတာ။ ယန္တရားကအဟောင်း။ လွှတ်တော်ဥက္ကဌကော၊ အကုန်လုံးကလည်း အတွေ့အကြုံ မရှိဘူး။ အကန့်အသတ်လည်းရှိတယ်၊ လုပ်ရင်းလည်း သင်နေရတာဖြစ်တော့ လစဉ်ပြောတဲ့ မိန့်ခွန်းတွေကတော့ အကောင်းတွေ။ ဒါပေမယ့် အောက်ခြေမှာကျတော့ ဖြစ်မလာဘူး။ နောက်တစ်ခုက သမ္မတက အရေးယူ ရမှာတွေကိုလည်း အရေးမယူဘူး။ အကတိလိုက်စားတာတွေလိုမျိုး။ ဒါတွေကြောင့် အုပ်ချုပ်ရေးယန္တရားရဲ့ အားနည်းချက်တွေက သမ္မတခေါင်းပေါ် သွားသွားရောက်တယ်။ စိတ်ကောင်းစေတနာရှိရုံနဲ့မရဘူး။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ၊ ကျွမ်းကျင်မှုတွေလည်း လိုတယ် လို့ မြင်တယ်။ သမ္မတသည် လူပုဂ္ဂိုလ်မဟုတ်ပဲ နိုင်ငံရေးကွင်းထဲမှာ သူနဲ့ပက်သက်တဲ့ အစုအဖွဲ့ကို ကိုယ်စားပြုပြီး လှုပ်ရှားရတာရှိတယ်။ အဲဒီတော့ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ လှုပ်ရှားရတဲ့အခါ အားပြိုင်မှုတွေက ဖြစ်လာတယ်လို့မြင်တယ်။

မေး ။    ။ ဦးကိုကိုကြီးက စီးပွားရေးပညာရှင် မဟုတ်ပေမယ့် နိုင်ငံရေးနဲ့စီးပွားရေးက ဆက်နွယ်တယ်။ အဲဒီအတွက် အစိုးရသစ်လို့ပြောတဲ့လက်ထက်ကစပြီး အခုချိန်ထိ မြန်မာ့စီးပွားရေးက တိုးတက်လာတယ်လို့ ထင်လား။

KKG ။    ။ ကျွန်တော်တော့ မထင်ဘူး။ အခု ပွင့်ပွင့်လင်းလင်းပြောရင် အာဏာပဋိပက္ခပေါ့။ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ ပါတီအတွင်းအားပြိုင်မှု၊ စီးပွားရေးအကျိုးအမြတ်တွေအားလုံးက ချိတ်ဆက်နေ တယ်။နောက်ဆုံးပြောရရင် လူတွေကဦးပိုင်ကိုသာ ပြောနေတာ။ တစ်ခြားပုဂ္ဂလိက ကုမ္ပဏီတွေကလည်းပဲ အာဏာရအသိုင်းအဝိုင်းနဲ့၊ အကျိုးစီးပွားနဲ့ အကုန်လုံးက ချိတ်ဆက်နေတော့ နိုင်ငံရေး မတည်ငြိမ် မှုကို လန့်ပြီး မခန့်မှန်းနိုင်တဲ့ နိုင်ငံတော်က ရရှိထားတဲ့ အကျိုးအမြတ်တွေတောင် အပြင်ကို ရွှေ့သွားသလို ဖြစ်နိုင်တယ်။ ဒေါ်လာဈေးတွေ မတရားတက်မယ်။ ဒေါ်လာတွေဝယ်ပြီး အပြင်ကိုရွှေ့သလားပြု သလား ဆိုတာ စဉ်းစားစိုးရိမ်စရာ ဖြစ်လာတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအားပြိုင်မှုက စီးပွားရေးပေါ် သွားသက်ရောက်တယ်။ နောက်တစ်ခုက အစိုးရသစ်က မရေမရာဘူးဆိုတဲ့ နိုင်ငံတစ်ကာ ရင်းနှီးမြှပ်နံှ သူတွေက သုံးသပ်ရင်၊ နောက်ထပ်ဝင်လာမယ့် နိုင်ငံတစ်ကာ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာမှာ မဟုတ်တော့ဘူး။

အခုစီးပွားရေးအကျိုးအမြတ်ရယူထားသူတွေကလည်း နိုင်ငံရေးအပြောင်းအလဲမှာ ဘယ်သူ့ဖက်က ရပ်မလဲလို့ ချိန်ဆနေတာတွေ ရှိတယ်။ နိုင်ငံရေးအပြောင်းအလဲက စီးပွားရေးနဲ့ လုံးဝချိတ်ဆက်နေတယ်။ ဒါပေမယ့် သာမန်လက်လုပ်လက်စားတွေဘဝက ဆင်းရဲတွင်း ပိုနက်လာတယ်။ လှိုင်သာယာလိုနေရာမျိုးမှာ နာဂစ်ဖြစ်ပြီးကတည်းက အခုထိ အခြေမကျပဲ ပျံကျနေနေရတဲ့ ကျူးကျော်လို မိသားစုတွေ အများ အပြား ရှိနေတယ်။ ရခိုင်ကိုသွားတဲ့အချိန်မှာ ရခိုင်တွေကိုယ်တိုင် ရခိုင်ကို စွန့်ခွာပြီးတော့ ရေကြည်ရာကို သွားနေတာ။ ဒါတွေက တံခါးဖွင့်တယ်၊ ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တယ်ဆိုတဲ့ နောက်ကွယ်က ဖွံ့ဖြိုး မှုမညီမျှတဲ့ အကြောင်းအရာကြီး ဖြစ်လာတယ်။ အဲဒါကို နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေက အာရုံမစိုက်ရင် အဲဒီအကျိုးဆက်တွေက ဆက်ဖြစ်လာမယ်။

လာမယ့်အစိုးရသစ်က နိုင်ငံရေးစကားလုံးတွေ အပေါ် ငြင်းခုံကြတဲ့တစ်ပြိုင်နက် သာမန်ပြည်သူတွေ ဆင်းရဲမှုလိုင်းကနေ အပေါ်ကို ရောက်အောင် ဘယ်ကာလမှာ ဘယ်လောက်ရအောင်လုပ်မယ်ဆိုတဲ့ စီးပွားရေးမူဝါဒကိုလည်း ချပြဖို့လိုတယ်။ တိုင်းရင်းသားပြဿနာကို ဖြေရှင်းတော့မယ်ဆိုရင်လည်း သယံဇာတတွေ ပါလာပြီ။ ဗဟိုချုပ်ကိုင်မှု လျော့ချတာကော၊ အဲဒါတွေကို တစ်စုံလုံး စဉ်းစားမှနိုင်ငံရေးပြေ လည်မှုကော၊ စီးပွားရေးအလားအလာကော ပုံကားချပ်တစ်ခုလုံးကို ချဉ်းကပ်တဲ့ပုံ ဖြစ်မယ်လို့ ယုံကြည်တယ်။

မေး ။    ။ ဦးရွှေမန်းတာဝန်ယူခဲ့တုန်းက ရွေးကောက်ပွဲ၊ နိုင်ငံရေးနဲ့ ပက်သက်ပြီး အပေးအယူတွေ လုပ်ခဲ့တယ်လို့ ဦးကိုကိုကြီး သိခဲ့တာလား။ အခုဦးသိန်းစိန် ပြန်ယူလိုက်တော့ ဘယ်လိုဖြစ်သွားလဲ။ အာဏာရပါတီအနေနဲ့ ဘယ်လိုမဟာမိတ် လုပ်သင့်လဲ။ ဘယ်သူတွေနဲ့ လုပ်သင့်လဲ။

KKG ။    ။ ရွေးကောက်ပွဲ၊ မဟာမိတ်စုဖွဲ့မှု၊ ကိုယ်စားလှယ်လောင်းနေရာချထားမှု အဲဒါတွေအားလုံးကို ခေါင်းဆောင်အသစ်ကနေ ဆုံးဖြတ်လိမ့်မယ်လို့ မြင်တယ်။ အရင် ဦးရွှေမန်းရပ်တည်ချက်ကို မကြိုက် လို့ ဒီဖက်က ပါတီဖွဲ့စည်းမှုပုံစံကို ပြောင်းတော့၊ ပြောင်းသူက ပါတီမူဝါဒကို ချမှတ်နိုင်တဲ့အခွင့်အလန်းရပြီ။ အရင်သဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့က အနားယူလိုက်သူက မလုပ်နိုင်တော့ တဲ့အခါ တက်လာတဲ့အသစ်က မူဝါဒကို အသစ်များ ချမှတ်ပြီး လုပ်ရမယ်လို့ မြင်တယ်။ ဦးရွှေမန်းနဲ့ အတိုက်အခံ ကြားထဲမှာ နိုင်ငံရေးအပေးအယူနဲ့ပတ်သက်ပြီး မီဒီယာတွေအပေါ်က ဖော်ပြတဲ့ အချက်တွေပဲ ကျွန်တော်တို့ လည်းသိရတယ်။ အဲဒီထဲမှာမှ တစ်ချို့ဟာတွေက အချက်အလက်မဟုတ်ပဲ သုံးသပ်ချက်တွေပဲဖြစ်တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈တို့ဆက်ဆံရေး
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲ နိုင်ငံနဲ့အဝှမ်းပေါ်ပေါက်လာတယ်။ ဆိုတော့ ရှစ်လေးလုံး အင်အားစုတွေကို အခြေခံပြီးတော့ ပါတီပေါ်လာတာ"………………….

မေး ။    ။ NLD ပါတီအပေါ် ဦးကိုကိုကြီးရဲ့ သဘောထားအမြင်ကို သိချင်ပါတယ်။

KKG ။    ။ ကျွန်တော့်အနေနဲ့ပြောရရင် ပါတီတစ်ခုနဲ့ပတ်သက်လို့ ဘယ်ပါတီကိုမှ ဆိုးတယ်၊ ကောင်းတယ် မဝေဖန်ချင်ဘူး။ ဖြစ်စေချင်တာတော့ ပါတီစုံဒီမိုကရေစီ ကြံခိုင်သန်စွမ်းဖို့ဆိုတာ ကနိုင်ငံရေး ပါတီတွေ ကြံ့ခိုင် သန်စွမ်းဖို့ လိုတယ်။ အဲဒီအတွက် ပါတီအမြောက်အမြားပေါ်လာရင် ပုံသဏ္ဍန်အားဖြင့်ပြောရင် အားကောင်းမယ်။ နိုင်ငံရေးပါတီဆိုတာက အစိုးရလောင်းတွေပဲ အနိုင်ရရင် တိုင်းပြည်ကို ဦးဆောင်ရမယ့် အဖွဲ့အစည်းတွေဆိုတော့ ဦးဆောင်ခွင့် မရခင်မှာတင် အဲဒီနိုင်ငံရေးပါတီတွေက ဦးဆောင်နိုင်တဲ့ အရေအသွေးတွေကို ပြသနိုင်တဲ့ ကြံ့ခိုင်သန်စွမ်းတဲ့နိုင်ငံရေးပါတီတွေ ဖြစ်စေချင်တယ်။

ဒီမိုကရေစီ နိုင်ငံကြီးတွေမှာဆိုရင် အနိုင်ရတဲ့ပါတီက အုပ်ချုပ်နေချိန်မှာ အတိုက်အခံပါတီက အရိပ်အစိုးရလို့ခေါ်တဲ့ အနိုင်ရပါတီ လုပ်နေတာအားလုံးကို သူတို့ကလည်း အစိုးရတစ်ဖွဲ့စာနဲ့ ဒါကတော့ မှန်တယ်၊ ဒါတော့ မမှန်ဘူး ဆိုတာကို အမြဲထောက်ပြပြီး၊ တိုင်းပြည်မှာ အစိုးရ ၂ ဖွဲ့ ရှိသလိုမျိုး တစ်ဖွဲ့အုပ်ချုပ်နေတယ်။ တစ်ဖွဲ့က အဲဒီအစိုးရ လုပ်တာတွေ အားလုံးကို မှန်ရင်ထောက်ခံတယ်။

မှားရင် ထောက်ပြတယ် ဆိုတဲ့ အခြေအနေမျိုး ရောက်ဖို့လိုတယ်။ ဒါမှ ပါတီစုံဒီမိုကရေစီဆိုတာ အနစ်သာရ ရှိရှိနဲ့ ပေါ်လာမှာ။ ဒါကြောင့် ပါတီစုံဒီမိုကရေစီ ကြံ့ခိုင်သန်စွမ်းဖို့အတွက်က နိုင်ငံရေးပါတီတွေ ကြံ့ခိုင်သန်စွမ်းဖို့လိုတယ်လို့ ပြောချင်တာ။

မေး ။    ။ အဲဒီတော့ ပြည်သူတွေအားလုံးရဲ့ ထောက်ခံမှု အများဆုံးရထားတာ အားလုံးသိတဲ့အတိုင်း NLD ပါတီဖြစ်တယ်။ အတိုက်အခံပါတီလည်း ဖြစ်တယ်။ အားလုံးအသိလို့ ယူဆလို့ရတယ်။ အဲဒီတော့ အဲဒီပါတီမှာ ခုနကပြောသလို ကြံ့ခိုင်မှုတွေ ရှိတယ်လို့ ထင်လား။

KKG ။    ။ အဲဒီဟာနဲ့ပတ်သက်လို့ကတော့ ဖြစ်စေချင်တာပဲ ပြောတာပေါ့နော်။ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ စိတ်ဝင်စားတဲ့သူတွေက အကဲဖြတ်ပါ လိမ့်မယ်။ အဲဒီအပေါ် ဘာမှတ်ချက်မှတော့ မပေးချင်ပါဘူး။  

မေး ။    ။ NLD ကြားဖြတ်ကနေတစ်ဆင့် လွှတ်တော်နိုင်ငံရေးထဲမှာ ပါလာတယ်။ အဲဒီကနေစပြီး NLD ဆောင်ရွက်နိုင်ခဲ့တဲ့အရာ၊ ဦးကိုကိုကြီးသိထားတာ ဘာရှိလဲဆိုတာ ပြောပြပေးပါဦး။

KKG ။    ။ NLD ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုတာကို ကျွန်တော်တို့လည်း ထောက်ခံခဲ့တယ်။ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အထိအခိုက် အနည်းဆုံး ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ပဲ ဒီနည်းလမ်းကို ရွေးခဲ့တယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဆိုတဲ့ ရွေးကောက်ပွဲဝင်ရခြင်း ကတိပေ့ါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလုပ်ခဲ့တယ်။ သို့သော် ရိုးရိုးသားသားပဲပြောရင် မအောင်မြင်ခဲ့ဘူး။

အဲဒီတော့ ၂၀၁၅ အလွန်မှာ ဒီထက်ပြီးတော့ ကြိုးစားရမယ်။ နောက်ပြီးတော့ ပါတီတစ်ခုတည်းမကပဲ နိုင်ငံအတွက် စစ်ဖက်၊ အရပ်ဖက်ဆက်ဆံရေး ပုံမှန်အခြေအနေဖြစ်အောင်၊ တိုင်းရင်းလက်နက်ကိုင် ငြိမ်းချမ်းရေးကို နိုင်ငံရေးအစီအစဉ် ပုံစံတွေနဲ့ ဆောင်ရွက်ရမယ်။ ကျန်တဲ့အပိုင်းကတော့ ဖွံ့ဖြိုးတိုးတက်ရေး ပေါ့။ ၁၉၈၈ ကစပြီး တံခါးပိတ်ထားတယ်။ ကိုယ့်ဘာသာ ပိတ်ထားတာ။

ဒီဖက်အပိုင်းရောက်တော့ တံခါးဖွင့်လိုက်ပြီ။ အဲဒီမှ ာဖွံ့ဖြိုးတိုးတက်မှုကို မျှမျှတတ ခံစားရမယ့်အစား၊ ဆင်းရဲတဲ့သူတွေ အရမ်းဆင်းရဲပြီး ချမ်းသာတဲ့သူတွေ အရမ်းချမ်းသာလာတာ ကနိုင်ငံရေးပြုပြင်ပြောင်း လဲမှုအတွက် အရမ်းအန္တရာယ်ရှိတယ် လို့ ကျွန်တော်ထင်တယ်။

အဲဒါတွေကလည်း ဘာနဲ့ဆက်စပ်နေလဲဆိုတော့ အကတိလိုက်စားမှုနဲ့ ဆက်စပ်နေ တယ်။ ဒါကြောင့် ရေရှည်နိုင်ငံအတွက် သွားတော့မယ်ဆိုရင် တည်ငြိမ်ရေးအတွက်က စစ်ဖက်အရပ်ဖက် ဆက်ဆံရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အရေး ဖြေရှင်းဖို့ အရေးကြီးတယ်။ စီးပွားရေးတည်ငြိမ်မှုနဲ့ လူမှုရေးဖွံ့ဖြိုးမှု ရရှိဖို့အတွက်က အကတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ မျှမျှတတဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီးတယ်။ အဲဒီဟာက ပါတီတစ်ခုရဲ့ အကျိုးစီးပွား၊ အုပ်စုတစ်ခုရဲ့ အကျုးိစီးပွားမဟုတ်ပဲနဲ့ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်ရမယ့်ကိစ္စတွေလို့ မြင်တယ်။ အဲဒါတွေကို ပြောရတာလည်း၊ တစ်နိုင်ငံလုံးရဲ့ မူဝါဒကို အခြေခံပြီးတော့ ပြည်သူလူထုကိုချပြီး စည်းရုံးတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ ဖြစ်လာစေချင်တဲ့ဆန္ဒပေါ့။

မေး ။    ။ NLD နဲ့ ၈၈ ရဲ့ ဆက်ဆံရေးအခြေအနေက အခုနောက်ပိုင်းမှာ ဘယ်လိုအခြေအနေဖြစ်နေလဲ။ နှစ်ဖွဲ့ဆက်ဆံရေးအကြား အခက်အခဲရှိနေလား။ ရှိနေရင် အဲဒီအခက်အခဲက ဘယ်လိုအခက် အခဲလည်း။

KKG ။    ။ အဲဒါကတော့ ကျွန်တော်တို့ သမိုင်းကြောင်းကို နည်းနည်းပြန်ပြောရလိမ့်မယ်။ တက္ကသိုလ်ပရိဝုဏ် ထဲကစပြီးတော့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်လာ တယ်။ တစ်နိုင်ငံလုံး ပြည်သူလူထုတွေ ပါလာတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အကြောင်းပြုပြီးတော့မှ ပါတီစုံဒီမိုကရေစီ နဲ့ ပါတီတွေ တည်ထောင်ခွင့်ရလာတယ်။ အဲဒီမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်းပဲ နိုင်ငံနဲ့အဝှမ်းပေါ် ပေါက်လာတယ်။ ဆိုတော့ ရှစ်လေးလုံးအင်အားစုတွေကို အခြေခံပြီးတော့ ပါတီပေါ်လာတယ်။ အခုထိလည်း နယ်တွေမှာ ၈၈ အင်အားစုတွေလည်း ဒီလူတွေပဲ NLD လည်း ဒီလူတွေပဲ တစ်ချို့ဆိုရင်ရောကိုနေတယ်။ တစ်ချို့ဆိုလည်း ၈၈ ဆိုပေမယ့် NLD ကိစ္စလည်း ဝိုင်းလုပ်တာပဲ။

တိုင်းရင်းသားဒေသတွေမှာလည်း ၈၈ အဖွဲ့ တွေကတိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ တစ်ချို့ဆိုရင် တောခိုပြီး ပြန်လာတယ်။ ၈၈ အင်အားစုတွေအနေနဲ့ လုပ်တဲ့အခါကျတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့က နဂိုကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ၈၈ အင်အားစုတွေက ပါတီတွေ အဖွဲ့အစည်းတွေထဲမှာ ထဲထဲဝင်ဝင်လုပ်နေတယ်။ အထင်ရှားဆုံးဆိုရင် ပုဒ်မ ၄၃၆တုန်းက NLD ကော၊ တိုင်းရင်းသားတွေနဲ့ကော တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်နေတယ်။ ကျွန်တော်တို့အနေနဲ့ပဲ ပြောရရင်တော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့ ဦးတည်ချက်ကို လုံးဝမျက်ခြေပြတ်ခံမှာ မဟုတ်ဘူး။ အဲဒီတော့ NLD အပါအဝင်၊ တိုင်းရင်းသား အင်အားစုတွေ အပါအဝင်၊ လက်နက်ကိုင် အင်အားစုတွေ၊ တစ်ဖက်ကလည်း တပ်မတော်ပေါ့။

အဲဒါတွေ အာလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်သွားမယ်။ အဲဒီတော့ NLD နဲ့ ကျွန်တော်တို့နဲ့ ဆိုတာထက် တိုင်းရင်းသားအင်အားစုတွေပါ အပါအဝင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ဆိုတဲ့အပေါ် အားလုံးနဲ့ ဦးတည်ချက်အတူ ဆောင်ရွက်သွားဖို့ရှိတယ်။ ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့နဲ့ ယုံကြည်ချက် အမြင်တူတဲ့ ပါတီတွေ အင်အားစုများကို ဝန်းရံသွားမည်ဆိုတာကိုလည်း ကြေငြာထားတဲ့ အရင်ရပ်တည်ချက်အတိုင်းပဲ ရပ်တည်သွားမှာပါ။

ပါတီထောင်မယ့်ကိစ္စနဲ့ ဒီမိုကရေစီဖက်တော်သားများအတွက် ရပ်တည်ချက်
"ဒေါ်အောင်ဆန်းစုကြည်က အခုချိန်ထိ လူထုထောက်ခံမှုရထားတဲ့ခေါင်းဆောင်၊ အဲဒီတော့ သူ့အလွန်နိုင်ငံရေး အတွက်ကို ပြင်ဆင်ဖို့"………………………..

မေး ။    ။ ၈၈ နဲ့ NLD ဆိုတာ ပေါ်ပေါက်လာခြင်းတူတယ်။ အခြေအနေအများစု ပူးပေါင်းဆောင်ရွက်တာ တွေရှိတယ်ဆိုပေမယ့် မူဝါဒချမှတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့အစုအဖွဲ့နဲ့ ၈၈ငြိမ်း/ပွင့် ကြားမှာကော ဘယ်လိုအခက်အခဲတွေရှိနေလဲ။ အခက်အခဲရှိနေရင် ဘယ်လိုဟာမျိုးလဲ။

KKG ။    ။ ၈၈ က အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးတွဲသဘောထားကြေငြာချက်ဆိုတာ နောက်ဆုံး ထုတ်ထားတယ်။ အဲဒီနောက်ပိုင်းမှာကတော့နောက်ဆုံး ကိုယ်စားလှယ် အမည်စာရင်း ကိစ္စဖြစ် ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတာရှိခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၅ ရွေးကောက်ပွဲရလာဒ်ကို ကျွန်တော်တို့ကြောင့်တော့ ဘာမှသက်ရောက်မှုမရှိအောင် ကြိုးစား သွားမယ်။ ဒါပေမယ့် ရေရှည်နိုင်ငံရေးအတွက်ကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီထောင်ပြီး ရပ်တည်သွားမယ်။

ကျွန်တော်တို့ရည်ရွယ်တဲ့ နိုင်ငံရေးပါတီကလည်း တိုင်းပြည်မှာ အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ရင် မူဝါဒကိုအခြေခံတဲ့အဖွဲ့ဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားသွားမယ်။ ဒါက ၈၈အင်အားစုထဲ မှာ နိုင်ငံရေးပုံစံ ပီပီပြင်ပြင်၊ ထိထိမိမ ိဆောင်ရွက်ချင်တဲ့သူတွေက နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး ရပ်တည်သွားမယ်။ တစ်ချို့အရပ်ဖက်အဖွဲ့အစည်းပုံစံနဲ့ပဲ ဆက်လှုပ်ရှားဖို့ စဉ်းစားတဲ့သူတွေအနေနဲ့ကလည်း ဒီ ၈၈ ငြိမ်းပွင့်ပုံစံနဲ့ ဆက်ရပ်တည်သွားမယ်။ ပုံစံတော့ ၂မျိုး ဖြစ်သွားမယ်။

မေး ။     ။ ၈၈ က ပါတီထောင်ပြီး နိုင်ငံရေးပုံစံ ပီပီပြင်ပြင် သွားမယ်ပြောတယ်။ ဒီ ၂၀၁၅ မှာတော့ မမီတော့တဲ့အတွက် NLD နဲ့ ၈၈ကြားမှာ NLD အောင်နိုင်မှု ရရှိခဲ့ရင်၂၀၁၅ ရလာဒ်ပေါ်မူတည်ပြီးတော့ နိုင်ငံရေးအပေးအယူ၊ ပူးပေါင်းဆောင်ရွက်မှုဆိုပြီး ဆွေးနွေးထားတာ၊ သဘောတူထားတာများရှိလား။ အဲဒါကဘာဖြစ်မလဲ။

KKG ။     ။ အဲဒီလိုမျိုး မရှိဘူး။ နောက်တစ်ခုက ရွေးကောက်ပွဲရလာဒ်ကို ဘယ်လိုစီမံခန့်ခွဲမလဲပေါ့။ ကိုယ်ရလာတဲ့ရလာဒ်ကို အကြောင်းပြုပြီးတော့ အခြားနိုင်ငံရေးအင်အားစုများ၊ အနိုင်ရအင်အားစုများနဲ့ ဘယ်လိုဆက်ဆံမလဲ။ တစ်ခါတစ်လေ ရွေးကောက်ပွဲအနိုင်ရတဲ့ရလာဒ်ကို မကြည့်ပဲနဲ့ တစ်ချို့ဆိုရင် ရွေးကောက်ပွဲကို ဝင်မပြိုင်တဲ့ အင်အားစုတွေရှိတယ်။

ဥပမာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု တွေ၊ အခြားတိုင်းရင်းသား နိုင်ငံရေးပါတီအင်အားစုခေါင်းဆောင်တွေလည်း ရွေးကောက်ပွဲ မဝင်ဘူး။ အဲဒီ သူတွေနဲ့လည်း ဘယ်လိုဆက်ဆံသွားမယ်။ ဘယ်လိုမူဝါဒတွေ ညှိနှိုင်းသွားမယ်ဆိုတဲ့ကိစ္စက အများစု အနိုင်ရတဲ့ ခေါင်းဆောင်တွေအပေါ်တည်တယ်။ ရွေးကောက်ပွဲပြီးရင် တရားဝင်လုပ်ခွင့်ရတာက အနိုင်ရတဲ့သူ တွေက လုပ်ခွင့်ရတာဖြစ်တယ်။ သူတို့က နိုင်ငံအပြောင်းအလဲအတွက် ဘယ်လိုဆက်လက်ဆောင်ရွက်မလဲ၊ လူထုအပိုင်းကတော့ ပြီးသွားပြီ။ တစ်ပိုင်းက မဲထည့်တာ၊ တစ်ပိုင်းက လမ်းပေါ်ထွက်တာ။ အဲတော့ပြည်သူက မဲပေးပြီးသွားရင် သူတို့က ကိုယ်စားလှယ်တွေ ဖြစ်သွားပြီ။

အဲဒီတော့ ပြည်သူလူထု တိုးတက်ဖွံ့ဖြိုးအောင် လုပ်ရမယ်။ ပြည်သူရဲ့ကိုယ်စားပြုမှုကို တောင်းဆိုပြီးသွားပြီဆိုရင် တာဝန်ခံပြီးဆုံးဖြတ်ဖို့သည် အဲဒီခေါင်းဆောင်တွေရဲ့တာဝန်ဖြစ်တယ်။ ပြည်သူက လိုက်မလုပ်နိုင်တော့ဘူး။ ၁၉၈၈ က ဒီလောက် ပစ်ခတ်နေတဲ့ကြားက လမ်းလုံးပြည့်၊ မြို့လုံးပြည့် ထွက်ခဲ့ပြီးပြီ။ ၁၉၉၀ ရွေးကောက်ပွဲ မဲထည့်ဆိုတော့လည်း မဲပုံးပြည့်အောင်ထည့်ပေးခဲ့ပြီ။ ပြည်သူတွေ အပိုင်းက သူလုပ်နိုင်တဲ့အပိုင်းကို တာဝန်ကျေပြီလို့မြင်တယ်။ အဓိကတော့ ခေါင်းဆောင်တွေအပိုင်းက ပြည်သူတွေ ထိခိုက်နစ်နာမှုနည်းနည်းနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲ မလဲဆိုတာကို စီမံခန့်ခွဲမလဲဆို တဲ့ခေါင်းဆောင်မှုအရည်အချင်းပေါ်မှာပဲ တည်တယ်လို့ မြင်တယ်။

မေး ။    ။ ၈၈ က အရပ်ဖက်အဖွဲ့အဖြစ်လည်း ဆက်သွားချင်တဲ့သူတွေ ရှိနေတယ်။ ပါတီလည်း ထောင်ဖို့ ရှိတယ်ဆိုတော့ ၈၈ က ပါတီထောင်မယ်ဆိုရင် ဘယ်သူတွေက ပါမှာလဲ။

KKG ။    ။ ၈၈ ပါတီထောင်ရင် အလွှာအသီးသီးက ပါမယ်။ ၈၈ ထိပ်ပိုင်းကလည်း ပါမယ်။ နယ်ကွန်ယက် တွေက သက်ဆိုင်ရာဒေသကို ကိုယ်စားပြုပြီးတော့ နိုင်ငံရေးထဲကို ပါဝင်ချင်တဲ့သူတွေ အဲဒီလိုလူတွေလည်း ပါမယ်။ နောက်တစ်ခုက ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တဲ့အတွက် ၈၈ ငြိမ်းပွင့်တစ်ခုတည်းကို အခြေခံပြီးတော့ စဉ်းစားတာမဟုတ်ဘူး။ ငြိမ်းပွင့်ထဲမှာမပါတဲ့ ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေ၊ မျိုးဆက်တွေ၊ မျိုးဆက်ဆိုတာ ကျွန်တော်တို့မျိုးဆက်တစ်ခုတည်း မဟုတ်ပဲနဲ့ ကျယ်ပြန့်တဲ့အဖွဲ့ဖြစ်အောင် ကြိုးစားသွားမယ်။ အဲဒီလူတွေ အကုန်လုံးကလည်း ကျွန်တော်တို့နိုင်ငံရေးအမြင်သဘောထားအပေါ် လက်ခံထားပြီး ညှိနှိုင်းနိုင်တဲ့သူတွေအပေါ်တည်ပြီးစမယ်ပေါ့။

မေး ။    ။ နိုင်ငံရေးလုပ်ခဲ့တဲ့အဖွဲ့က ပါတီထောင်ဖို့ဆိုတာ အရင်ကတည်းက အစီအစဉ်ရှိတယ်လို့ ယူဆတယ်။ ပါတီထောင်ဖို့အတွက် ဦးကိုကိုကြီးတို့က အခုအဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရလား။

KKG ။    ။ ကျွန်တော်တို့က နိုင်ငံရေးကို မူဝါဒဆိုင်ရာဆုံးဖြတ်နိုင်တဲ့နိုင်ငံရေးမျိုး လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီထောင်ရမယ်။ ရွေးကောက်ပွဲ ဝင်ရမယ်။ မူဝါဒအပြောင်းအလဲကို သွားမယ်ဆိုရင်ပေါ့။ အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့ ၂၇နှစ် ရှိခဲ့ပြီ။ ၂၈နှစ်ထဲရောက်ခဲ့ပြီ။ ဒါပေမယ့် ကြားထဲမှာ ချိန်ဆတာက ပြည်သူတွေကြားထဲမှာ ရှုပ်ထွေးသွားမှာစိုးလို့။ ၈၈ကလည်း ပါတီတစ်ခုဖြစ်လာပြန်ပြီ၊ နဂိုရှိပြီးသား ပါတီတွေနဲ့ ကိုယ့်အင်အားစုအချင်းချင်းလို့ နားလည်ထားကြတာ။

သီးခြားအပြိုင်လိုပါတီ ဖြစ်လာတော့ ဘယ်လိုဆုံးဖြတ် ရွေးချယ်ရမယ်ဆိုတာမျိုးဖြစ်လာတာကို ရှုပ်ထွေးမှာ ဖြစ်မှာဆိုးလို့ ကျွန်တော်တို့ တစ်ချိန်လုံး ချီတုံချတုံနဲ့ မလုပ်ပဲ ထိန်းလာခဲ့တာ။ မလုပ်ခဲ့ဘူး။နောက် ဆုံးမှာလဲ ပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေက တစ်စုတစ်စည်းထဲနဲ့ အားကောင်းအောင်လို့ဆိုပြီး ကြိုးစားခဲ့တယ်။ အခုကျွန်တော်တို့ စဉ်းစားနေတာက ဒေါ်အောင်ဆန်းစုကြည်က အခုချိန်ထိ လူထုထောက်ခံမှု ရထားတဲ့ခေါင်းဆောင်။

အဲဒီတော့ သူ့အလွန် နိုင်ငံရေးအတွက်ကို ပြင်ဆင်ဖို့လိုပြီလို့ထင်တယ်။ လက်ရှိသူက အသက် ၇၀။ အဲတော့ နိုင်ငံရေးပါတီလုပ်ဖို့ စဉ်းစားချက်ကလည်း လက်ရှိ သူဦးဆောင်ဆုံးဖြတ်လုပ်ဆောင်နေတာကို ကျွန်တော်တို့ကြောင့် ဘာမှ သက်ရောက်မှု မဖြစ်အောင်။ ဒါကို ကျွန်တော်တို့က ထိန်းတယ်။ အဲဒီတော့ ၂၀၁၅ အလွန်အတွက် အခုကတည်းကစပြီးတော့ နိုင်ငံရေးပါတီ အုတ်မြစ်ပေါ့။

မူဝါဒအခြေခံတဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ ပြင်ဆင်တာ။ အခုထောင်ရင်ဖြစ်သလားဆိုရင် ဆိုင်းဘုတ်နဲ့ လူတွေအများကြီးဖြစ်လာဖို့ အခုလုပ်ရင်အခုဖြစ်တယ်။ ဒါပေမယ့်ပြည်သူတွေက လည်း သူတို့အဖွဲ့အစည်းက ဘာ၊ သူတို့မူဝါဒကဘာ ဆိုတာကို လေ့လာပြီး နားလည်ပြီးမှ ပါတီဝင်ဖို့ ကြိုးစာတာ။ ထောက်ခံတဲ့ပါတီဝင်၊ ထောက်ခံသူများပဲ ဖြစ်စေချင်တယ်။ ဒါကြောင့် အတက်နိုင်ဆုံး စနစ်တစ်ကျဖြစ်အောင် ရေရှည်နိုင်ငံရေးအတွက် ပြင်ဆင်သွားမယ်လို့ ပြောချင်တာဖြစ်တယ်။

ဦးကိုကိုကြီးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ
"အရင်လိုကြိုတင်မဲ ကိစ္စမျိုးဘာမျိုး၊ ပိုးဆိုးပက်စက်လုပ်ဖို့တော့ မလွယ်ဘူး။ သို့သော် အခုတော့ မဲစာရင်းကွာဟမှုက ပြသနာဖြစ်နေတယ်။ မဲစာရင်းကွာဟမှုကတော့ ရွေးကောက်ပွဲရဲ့ အသက်ပဲ" ……………

မေး ။    ။ ၂၀၁၅ ရွေးကောက်ပွဲကတော့ ၂၀၁၀ တုန်းကလို ကြိုတင်မဲတွေနဲ့ အုံးအုံးကျွတ်ကျွက်မဖြစ်ဘူးလို့ ပြောနေကြတယ်။ ဒါပေမယ့် ကြိုတင်မဲမဟုတ်ပဲ တစ်ခြားအာဏာရပါတီက အနိုင်ရအောင် လုပ်မယ်ဟာက ဘယ်ကိစ္စဖြစ်လာမယ်လို့ ဦးကိုကိုကြီးထင်လဲ။

KKG ။    ။ တစ်ခုရှိတာကတော့ ရွေးကောက်ပွဲ လွတ်လပ်ပြီး၊ တရားမျှတမှုကို ထိခိုက်စေတဲ့အကြောင်းအရာ တွေကိုလုပ်မယ်ဆိုရင် မီဒီယာပွင့်လင်းမှု၊ နိုင်ငံတစ်ကာဆက်ဆံမှု များလာတဲ့အတွက်ကြောင့် အရင်လို ကြိုတင်မဲ ကိစ္စမျိုး ဘာမျိုး၊ ပိုးဆိုးပက်စက်လုပ်ဖို့တော့ မလွယ်ဘူး။ သို့သော် အခုတော့ မဲစာရင်းကွာဟမှုက ပြသနာဖြစ်နေတယ်။ မဲစာရင်းကွာဟမှုကတော့ ရွေးကောက်ပွဲရဲ့ အသက်ပဲ။

လူတွေကျန်နေတယ်။ တစ်ချို့ မဲစာရင်းမှာ ပြုတ်ကျန်ခဲ့တယ်။ အဲဒီဟာတွေကိုတော့ အချိန်မီ ပြင်နိုင်ဖို့လိုတယ်။ နောက်တစ်ခုက ရေဘေးပြဿနာ။ တစ်နိုင်ငံလုံးရေဘေးဒုက္ခဖြစ်ပြီးတော့ အိုးအိမ်တွေရွှေ့ပြောင်း၊ အတိအကျ မဖြစ်တဲ့ အချိန်မှာ၊ ပြည်သူရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု၊ အာရုံစိုက်မှုက နည်းတယ်လို့ ကျွန်တော်မြင်တယ်။ မနေ့က ရခိုင်ဖက်က မင်းပြား၊ မြောက်ဦး၊ စစ်တွေဖက်တွေ ရောက်တယ်။ အဲဒီဖက်မှာ သန်းခေါင်းစာရင်းလို စတဲ့ အချက်အလက်တွေကနေ စာရင်းအသစ် ပြန်လုပ်တော့ ဘယ်လောက်ထိမှန်မလဲဆိုတဲ့အပေါ် သံသယတော့ ရှိတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အနိုင်ရအောင်တော့ သူသူကိုကို လုပ်ကြမှာပဲ။ ဒါပေမယ့် အခု မဲစာရင်း၊ နောက်ပြီး ရွေးကောက်ပွဲ အသုံးစားရိတ်ကိစ္စတွေမှာ၊ အတိုက်အခံဖက်က အင်အားစုတွေ ကငွေကြေး သုံးစွဲနိုင်ဖို့ အားနည်းတယ်။ တစ်ဖက်ကကျတော့ အရင်းအမြစ်အားလုံးကို ထိန်းချုပ်ထားတဲ့အခါကျတော့ မဲဆွယ်တယ်လို့ မပြပဲနဲ့ အလှူအတန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အစရှိတာတွေက သွယ်ဝိုက်ပြီး မဲဆွယ်သလိုဖြစ်နေတာ။ ဒါတွေက ဘယ်လိုစိစစ်မလဲဆိုတဲ့ ပြဿနာရှိတယ်။ ဒုတိယကတော့ မဲပေးတဲ့နေ့မှာပဲ မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထား ပြီးစောင့်ကြည့်နိုင်မလား။နောက် ဆုံးတော့ရွေးကောက်ပွဲအပြီး တရားမဲ့ ပြုကျင့်မှုတွေကို ဆုံးဖြတ်ဆောင်ရွက်တာ ဘယ်လောက်လွတ်လွတ်လပ်လပ် မျှမျှတတ ကိုင်တွယ်လဲဆိုတဲ့ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ဖို့လိုတယ်။  အဲဒါတွေနဲ့ ပတ်သက်တဲ့ နည်းပညာ၊ အရင်းအမြစ်တွေတော့ လိုမယ်ပေါ့။

မေး ။    ။ အခု ၂၀၁၅ ရွေးကောက်ပွဲအတွက် အဓိကပြဿနာဖြစ်နေတဲ့ မဲစာရင်းကို ပြန်ပြင်နိုင်ဖို့က ကျန်နေတဲ့အချိန်မှာ လုပ်နိုင်ပါ့မလား။

KKG ။    ။ လုပ်နိုင်သလောက်ပဲ မျှော်မှန်းလို့ရတယ်။ အပြည့်အစုံတော့ မျှော်မှန်းလို့မရဘူး။ ရေဘေးကြောင့် ဖြစ်သွားတာတွေအတွက် မဲစာရင်းတွေကို သေချာပြန်လုပ်ရမယ်။ ရှိတဲ့အင်အားစု အကုန်ပေါင်း ပြီးလုပ်မှပဲ ရမယ်။ ပြီးတော့ ၂၀၁၄ တုန်းက ကောက်ထားတဲ့ သန်းခေါင်စာရင်း ရလာဒ်ရှိတယ်။ နောက်တစ်ခုက မြေပြင်ပေါ်မှာ ဆယ်အိမ်ခေါင်းထိ အုပ်ချုပ်တဲ့ပုံစံရှိထားပြီးသားဆိုတော့၊ အဲဒီဟာတွေ ကိုသေချာတိုက်ဆိုင် စစ်ဆေးပြီးတော့ ပါတီတွေ၊ ဒေသခံအဖွဲ့တွေကော ပူးပေါင်းလုပ်ရင်တော့ ဒီထက်ပိုပြီး အများကြီးပြည့်စုံ လာနိုင်ဖွယ်ရှိတယ်။

ဦးကိုကိုကြီးနှင့် သူဘယ်လို မဲပေးဖို့စဉ်းစားထားလဲ
"လူကော ပါတီမူဝါဒကော နှစ်ခုစလုံး စဉ်းစားပြီးမှ မဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်။"…………..

မေး ။    ။ ဦးကိုကိုကြီးက ၂၀၁၅ မှာ ဘယ်ကနေ မဲပေးမလဲ၊ နောက်တစ်ခုက ဘယ်သူ့ကိုမဲပေးဖို့ ရည်ရွယ်ထားလဲ။

KKG ။    ။ တောင်ဥက္ကလာကမဲပေးမှာ။ ဘယ်သူ့ကို ပေးမလဲဆိုရင်တော့ အရင်ဆုံးတော့ ဒီမိုကရေစီ အင်အားစုတွေကို မဲပေးမယ်။ တိုင်းရင်းသားဆိုရင် တိုင်းရင်းသားဒေသထဲက ဒီမိုကရေစီကို ယုံယုံကြည်ကြည်နဲ့ တစ်ချိန်လုံး ထောက်ခံခဲ့တဲ့သူတွေကို မဲပေးမယ်။ ဒီမိုကရေစီအင်အားစုချင်း တူရင်တောင် ဘယ်သူက စွမ်းဆောင်ရည် ပိုကောင်းလဲ၊ သူရဲ့ရွေးကောက်ပွဲ ကတိကဝတ်တွေက ဘာတွေကိုပြောပြီး မဲဆွယ်တာလဲဆိုတာကို ကြည့်ပြီးမှ ရွေးချယ်ဖို့ စဉ်းစားထားတယ်။

ဘယ်ပါတီကဆိုတာထက်ကို ဒီမိုကရေစီအင်အားစုတွေထဲကနေ ကျွန်တော့် မြို့နယ်အတွက်၊ သူ့ဘာကတိတွေပေးလဲ၊ ဘာဦးစားပေးလုပ်မယ်လို့ပြောလဲ၊ ရန်ကုန်တိုင်းအတွက်ဆိုလည်း သူ့မှာဘယ်လို ရည်ရွယ်ချက်ရှိလဲပေါ့။ ကျွန်တော်ရွေးကောက်ပွဲဝင်မယ်ဆိုတုန်းကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘာလုပ်မယ်ဆိုတဲ့ ကတိကဝတ်တွေရှိတယ်။ တိတိကျကျပြောနိုင်တဲ့ အရည်အချင်းပိုသာတဲ့ သူကို ကျွန်တော်ရွေးမယ်။ ဒါ ကျွန်တော့်စဉ်းစားချက်။ အဲဒီတော့ ပါတီချင်းယှဉ်လိုက်ရင် ကျွန်တော်တို့နိုင်ငံ အတွက် အစီအစဉ်တွေ မူဝါဒတွေရှိတဲ့ ပါတီကို စဉ်းစားမယ်။ ပါတီရဲ့မူဝါဒတွေ သူ့ရဲ့ကတိကဝတ်တွေ ကို ကြိုက်ပြီဆိုတော့မှ ဒီလူကစိတ်ချရတဲ့လူ ဖြစ်ပြီလားလို့ လူကော၊ ပါတီမူဝါဒကော နှစ်ခုစလုံး စဉ်းစားပြီးမှ မဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly