နေပြည်တော်ရှိ ACE Villa တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

နေပြည်တော်ရှိ ACE Villa တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
(ဓာတ်ပုံ- Grand ACE Villa )

နေပြည်တော်(အောက်တိုဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရေကူးကန်တွင် ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသည့်ဖြစ်စဉ်တစ်ခု နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ACE Villa အတွင်း ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂၂ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ရေနစ်သေဆုံးသူသည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် Forever Eight Tourism ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ အသက် (၂၆)နှစ်အရွယ် ကိုစိုင်းဆိုင်မွန်ဆိုသူ ဖြစ်ပြီး ၎င်းသည် အောက်တိုဘာ ၂၂ရက်၊ ညနေ ၄နာရီအချိန်ခန့်တွင် ပုဂံမှ နေပြည်တော်သို့ အလည်အပတ် ရောက်ရှိလာကာ ACE Villa အခန်း- ၄၀၃၊ (၄)လွှာတွင် တည်းခိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ကိုစိုင်းဆိုင်မွန်သည် ည ၉နာရီ၊ ၁၅မိနစ်အချိန်တွင် ACE Villa အတွင်းရှိ ရေကူးကန်တွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု ACE Villa စီမံရေးရာဌာနမှ လက်ထောက်မန်နေဂျာ၏ ပြောပြချက်အရ သိရှိရကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

သေဆုံးသူ ကိုစိုင်းဆိုင်မွန်တွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းမဟုတ်ဘဲ ရုတ်တရက်သေဆုံးရခြင်း အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနိုင်ရန် သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၇) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly