အာဏာရှင် မူဂါဘီကို ချစ်ကြည်ရေးသံတမန်အဖြစ် ခန့်အပ်တဲ့ကိစ္စ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြန်လည်ဖျက်သိမ်း

အာဏာရှင် မူဂါဘီကို ချစ်ကြည်ရေးသံတမန်အဖြစ် ခန့်အပ်တဲ့ကိစ္စ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြန်လည်ဖျက်သိမ်း

 

အောက်တိုဘာ ၂၃ ။                           ။ ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီကို ချစ်ကြည်ရေးသံတမန်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ခန့်အပ်ဂုဏ်ပြုခဲ့ပေမယ့် ယခုအခါ ယင်းကိစ္စနဲ့ပတ်သက်လို့ ဝေဖန်ပြစ်တင်သံများ ညံလာခဲ့ပြီးနောက်ပိုင်း အထက်ပါဆုံးဖြတ်ချက်ကို WHO ဘက်က ပြန်လည်ပြင်ဆင်လိုက်ရပြီ ဖြစ်ကြောင်း သိရပါတယ်။

အာဖရိကဒေသမှာ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါတွေကို ပါဝင်ကူညီ တိုက်ဖျက်ပေးထားခဲ့မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းက ဇင်ဘာဘွေ သမ္မတ မူဂါဘီကို WHO က ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွင်းက ကျွမ်းကျင်သူတွေနဲ့ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်တို့လို WHO ဆိုင်ရာ အဓိကအလှူရှင်နိုင်ငံတွေက အထက်ပါ လုပ်ဆောင်ချက်အပေါ် ဝိုင်းဝန်းဝေဖန်ပြစ်တင်ခဲ့ကြခြင်းကြောင့် ယခုအခါ ယင်းကိစ္စကို WHO အကြီးအကဲက ပြန်ပြင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဇင်ဘာဘွေနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ နိုင်ငံကို ၃၇ နှစ်ကြာ အာဏာချုပ်ကိုင်ခဲ့တဲ့  မူဂါဘီရဲ့ လက်ထက်မှာ ပြိုလဲပျက်စီးနေခဲ့ပြီ ဆိုပြီး ဝေဖန်သူတွေက ပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။

" သမ္မတ မူဂါဘီကို အာဖရိကဒေသ ချစ်ကြည်ရေးသံတမန်တစ်ဦးအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်တွေမှာ ပြန်သုံးသပ်ခဲ့ပါတယ်၊ ဒီလို သုံးသပ်လို့ အပြီးမှာတော့ ဒီ ခန့်အပ်မှုကို ပြန်ရုပ်သိမ်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ" ဆိုပြီး WHO အကြီးအကဲ တက်ဒရိုစ် အက်ဒ်ဟန်နွမ် ဂီဘရီယီဆက်က ပြောသွားပါတယ်။

" ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်တယ်ဆိုပြီး ထုတ်ဖော်ခဲ့ကြသူတွေကို ကျွန်တော် ဂရုတစိုက် နားထောင်ပေးခဲ့ပါတယ်၊ နောက်ပြီး ဇင်ဘာဘွေအစိုးရနဲ့လည်း တိုင်ပင်ဆွေးနွေးခဲ့ပါတယ်၊ အဆုံးမှာတော့ ဒီ ဆုံးဖြတ်ချက်ကို ပြန်ချလိုက်တာပါ၊ ဒါကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကျိုးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်" ဆိုပြီး ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly