သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံတောင်သူများ လွှတ်ပေးရေး ဆန္ဒပြ

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံတောင်သူများ လွှတ်ပေးရေး ဆန္ဒပြ

ပြင်ဦးလွင်၊အောက်တိုဘာ ၂၃ ။        ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကော်ဖီစီမံကိန်းနှင့် ပိုးစာစီမံကိန်းတို့အတွက် သိမ်းယူထားသည့် မြေများ ပြန်လည်ရရှိရေး၊ ဖမ်းဆီးအရေးယူခံထားရသော တောင်သူများ ပြန်လွှတ်ပေးရေးအတွက် အောက်တိုဘာလ၂၃ရက်၊နံနက် ၁၁ နာရီက ပြင်ဦးလွင်မြို့တွင် တောင်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

၁၉၉၇ခုနှစ်နှင့်၁၉၉၈ခုနှစ်က ကော်ဖီစီမံကိန်းနှင့် ပိုးစာစီမံကိန်း လုပ်ဆောင်ရန်အတွက် ပြင်ဦးခရိုင်အတွင်းရှိ ကျေးရွာ ၂၀ကျော်က လယ်၊ယာမြေဧက လေးသောင်းကျော်ကိုအစိုးရက သိမ်းယူခဲ့သည်။ သို့သော် ၂၀၁၂ခုနှစ်အထိ စီမံကိန်းအောင်မြင်ခြင်း မရှိဟုဆိုကာ မူလလယ်ယာမြေပိုင်ရှင်များက ဝင်ရောက်စိုက်ပျိုးခဲ့ခြင်းကြောင့် ယနေ့အချိန်အထိ အရေးယူခံထားရသူ ၂၀၀နီးပါးရှိနေခဲ့ရသည်။ ၎င်းအရေးယူခံထားရသူများ ပြန်လွှတ်ပေးရန်နှင့် စီမံကိန်းမအောင်မြင်သည့် လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်ဟု ဦးဆောင်ဆန္ဒပြသူများကဆိုသည်။

"အခုအစိုးရက ပြည်သူ့အစိုးရပါ။ ပြည်သူကို မျက်နှာမူပြီး တောင်ဆိုမှုတွေကို စီစစ်ပြီးဆောင်ရွက်ပေးစေချင်တယ်။ ကျွန်တော်တို့တောင်သူတွေက အိမ်နဲ့ တရားရုံးပြေးနေရတယ်။ အခုဆိုစားဝတ်နေရေး ခက်ခဲနေတယ်။ အမြန်ဆုံးတောင်ဆိုမှုကို ဆောင်ရွက်မပေးဘူးဆိုရင် နေပြည်တော်အထိ ချီတက်တောင်းဆိုသွားမယ်"ဟု ဦးဆောင်သူများထဲက တစ်ဦးဖြစ်သူ ဦးထင်လင်းစိုးကပြောသည်။

စီမံကိန်း မအောင်မြင်သည့်မြေများကို လုပ်ငန်းရှင်တစ်ချို့အား ပုံစံ ၇ ချထားပေးနေသူများကိုလည်း အရေးယူပေးရန်နှင့် ပြင်ဦးလွင်မြို့နယ် တရားရုံးနှင့် ခရိုင်တရားရုံးတို့မှ တာဝန်ရှိသူများကိုလည်း အရေးယူပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ဆေးတလုံးကျေးရွာမှယာမြေ ၁၂ဧက အသိမ်းခံထားရသူ ဒေါ်ဌေးဌေးက"သိမ်းတုန်းကလွယ်လွယ်လေးသိမ်းသွားတယ်။ ဘာနစ်နာကြေးမှမပေးဘူး။ သူတို့ဘာမှမလုပ်လို့ ဝင်စိုက်တော့ အရေးယူခံထားရတယ်။ မခံနိုင်တော့ဘူး။ ပြည်သူ့အစိုးရအနေနဲ့ အမြန်ဆုံး အခုဖြစ်နေတာတွေကို ဆောင်ရွက်ပေးစေချင်တယ်"ဟုပြောသည်။

ဇီးပင်ကျေးရွာမှ မဇာဇာဦးက"ပြန်ပေးမယ်။ ပြန်ပေးမယ်နဲ့အခုထိမရသေးပါဘူး။ အခုထိ ကြုံရာ မျှစ်ချိုး၊ အရွက်ခူးပြီး လုပ်စားနေရတယ်"ဟုပြောသည်။

မအောင်မြင်သည့်စီမံကိန်းမြေများအတွင်းသို့ ဝင်ရောက်ထွန်ယက်စိုက်ပျိူးသူများကို ပုဒ်မ၄၄၇၊ ၄၂၇၊ ၄၄၀၊ ၃၈၆၊ ၃၉၂၊ ၂၉၄၊ ၅၀၆နှင့်မြေလွတ် ၊မြေလပ်၊မြေရိုင်း ဥပဒေပုဒ်မ ၂၆၊၂၇၊၂၈တို့ဖြင့် အရေးယူခံထားရသည်ဟု ဆန္ဒပြတောင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly