၁၅ နှစ်အကြာမှာ အာဆင်နယ်ကို ဂိုးသွင်းခဲ့ပြန်တဲ့ ရွန်နီ

၁၅ နှစ်အကြာမှာ အာဆင်နယ်ကို ဂိုးသွင်းခဲ့ပြန်တဲ့ ရွန်နီ

အောက်တိုဘာ ၂၃၊ အင်္ဂလန် ။           ။ အဲဗာတန်အသင်းက အာဆင်နယ်အသင်းကို ၂-၅ ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူးဝိန်းရွန်နီက အဲဗာတန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ ရွန်နီအနေနဲ့ အာဆင်နယ်အသင်းဘက်ကိုသွင်းယူတဲ့ ၁၂ ဂိုးမြောက်သွင်းဂိုး ဖြစ်ပါတယ်။ ဘယ်ကစားသမားမှ ရွန်နီလောက် အာဆင်နယ်အသင်းကို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ရွန်နီဟာ အဲဗာတန်အသင်းသားအဖြစ် ၂၀၀၂ ခုနှစ်တုန်းက အာဆင်နယ်အသင်းဘက်ကို ပထမဆုံးဂိုးသွင်းယူခဲ့ဖူးသူ ဖြစ်ပါတယ်။ အခု ၁၅ နှစ်အကြာမှာ အာဆင်နယ်ကို ရွန်နီ ထပ်မံ ဂိုးသွင်းနိုင်ခဲ့ပြန်ပါပြီ။

၂၀၀၂ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ရွန်နီဟာ အာဆင်နယ်ဂိုးသမားဒေးဗစ်ဆီးမင်းရဲ့ ညာဘက်အဝေးထောင့်ထဲကို ဧရိယာစည်းအပြင်က လှမ်းကန်သွင်းခဲ့တာဖြစ်သလို အခုပွဲမှာလည်း ပီတာချက်ရဲ့ ညာဘက်ထောင့်ကို အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရွန်နီဟာ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အာဆင်နယ်အသင်းဘက်ကို ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးဆုံးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်းမှာ ရွန်နီအနေနဲ့ ပရီးမီးယားလိဂ်ဖလား ၅ လုံးအပါအဝင် ဆုဖလားပေါင်း ၁၆ ခု ရရှိခဲ့ပြီး မန်ယူနဲ့အင်္ဂလန်အသင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags