တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်တပ်မှ အရာရှိလောင်း ၁၅ဦးခန့်သေဆုံး

တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်တပ်မှ အရာရှိလောင်း ၁၅ဦးခန့်သေဆုံး

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၂  ။            ။ ကာဘူးလ်မြို့ရှိဌာနချုပ်မှ မိမိတို့၏နေအိမ်သို့အလည်သွားရောက်ရန် ထွက်ခွာလာကြသော အာဖဂန်စစ်တပ်မှ အရာရှိလောင်း ၁၅ဦးကို တာလီဘန်အဖွဲ့မှ အသေခံဗုံးခွဲသူများက စနေနေ့၌ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်မှတာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်မြို့၌ ၂၄နာရီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး အာဖဂန်ပြည်သူများအနေဖြင့် သွေးစွန်းသော ရက်သတ္တပတ်များ ကို ကြုံတွေ့နေရသည်။

တာလီဘန်များက ၎င်းတို့သည် အာဖဂန်စစ်တပ်မှ အရာရှိလောင်းများကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဂျာနယ်လစ် များကို အီးမေးလ်မှတဆင့် အသိပေးပြောဆိုခဲ့သည့်အပြင် ၎င်းတို့အဖွဲ့သည် ယခုအပတ်အတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ဌာနချုပ်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု ၅ခုကိုလည်း ကျူးလွန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

“ဒီနေ့နေ့လယ်ပိုင်းမှာ စစ်တပ်ကအရာရှိလောင်းတွေကို သယ်ဆောင်လာတဲ့ မီနီဘတ်စ်ကားတစ်စီးဟာ စစ်တက္ကသိုလ်အတွင်းကနေ ထွက်ခွာသွားပါတယ်။ ခြေကျင်လျှောက်လာတဲ့ အသေခံဗုံးခွဲသူတွေဟာ ၎င်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၁၅ဦးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

ကာဘူးလ်မြို့မှ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး မိုဟာမက်ဆာလမ်င်အယ်မတ်က ရဲတပ်ဖွဲ့သည် မြို့အနောက်ဘက်ပိုင်း၌ဖြစ်ပွားခဲ့သည့် အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို စုံစမ်းနေပြီဖြစ်ကြောင်း ပြောခဲ့ သည်။

“မီနီဘတ်စ်ကားတစ်စီးဟာ မာရှယ်ဖာဟင်စစ်တက္ကသိုလ်ကနေ အိမ်အလည်ပြန်မယ့် အရာရှိလောင်းတွေကို သယ်ဆောင်ပြီး မောင်းနှင်လာချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်” ဟု အယ်လ်မတ်က ပြောခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့်ပက်သက်၍ အာဖဂန်နစ္စတန်ရှိ နေတိုးအဖွဲ့က “စစ်တပ်ကအရာရှိလောင်းတွေကို တိုက်ခိုက် တာဟာ နိုင်ငံရဲ့အနာဂတ်နဲ့ ၎င်းရဲ့လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာနဲ့အတူတူပါပဲ” ဟု တွစ်တာ၌ ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly