အပစ်ရပ် လက်မှတ်ထိုးရန် သမ္မတ၏ဖိတ်ခေါ်မှု လက်ခံဟု RCSS/SSA ဆို

အပစ်ရပ် လက်မှတ်ထိုးရန် သမ္မတ၏ဖိတ်ခေါ်မှု လက်ခံဟု RCSS/SSA ဆို
ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် (RCSS/SSA) ထိမ်းချုပ်နယ်မြေဖြစ်သည့် လွယ်တိုင်းလျန်ဒေသတွင် ရှမ်းတပ်မတော်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း

ချင်းမိုင်၊ သြဂုတ် ၁၇ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)က လက်ခံရန် ဆုံးဖြတ် လိုက်သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ လိုလားချက်များ ရရှိလိမ့်မည်ဟု ယုံကြည်ချက်ဖြင့် လက်မှတ်ရေးထိုးရန် လက်ခံရခြင်း ဖြစ်သည် ဟုလည်း ၎င်းက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး စိုင်းလက  “ NCA စာချုပ်ကို ကျွန်တော်တို့အနေနဲ့ လက်ခံတဲ့အကြောင်း ၊ စာချုပ်အရ လက်မှတ်ရေးထိုးမည့်အကြောင်း။ ဒီစာချုပ်ထဲမှာ အစိုးရဘက်က လက်မခံနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း လက်မှတ်ထိုးဖို့ အားလုံး ဆွေးနွေးထားကြပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အပစ်အခတ် ရပ်စဲေရေး လက်မှတ်ရေးထိုးရန် လက်ခံကြောင်း သဘောထားထုတ်ပြန်ချက်ကို သြဂုတ် ၁၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်းလည်း ၎င်းက မဇ္ဈိမ ကိုနေ့လည်ပိုင်း ကပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အချက် ၅ ချက်ပါ “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အစုးိရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည် ကတိကဝတ်ကို RCSS အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျုးိသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တို့ လက်မှတ် ရေးထိုးခဲ့သည်။

အလားတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်မှုကို လက်ခံကြောင်း KNU ကလည်း သြဂုတ်လ ၁၆ ရက်က သဘောထားထုတ်ပြန်လိုက်သည်။
 
RCSS သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေအဖွဲ့ (NCCT)တွင် အဖွဲ့ဝင်အဖြစ် အစိုးရနှင့် ဆွေးနွေးခြင်း မရှိသော် လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။

NCCT အဖွဲ့ဝင်များဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကမူ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို လက်ခံ မလက်ခံ လာမည့် သြဂုတ်လ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေး၍ ဆုံးဖြတ် ကြမည်ဖြစ်ကြောင်းနိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက အစိုးရနှင့် RCSS တို့ ပြည်ထောင်စု ဆင့် အပစ်အခတ် ရပ်စဲရေ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags