Ballon d’Or ဆုရရှိရန် အချိန်သိပ် မလိုတော့ဟု ဟယ်ရီကိန်းပြော

Ballon d’Or ဆုရရှိရန် အချိန်သိပ် မလိုတော့ဟု ဟယ်ရီကိန်းပြော

အောက်တိုဘာ ၂၂၊ အင်္ဂလန် ။          ။ စပါးနှင့် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ၎င်းအနေဖြင့် Ballon d’Or ဆုရရှိရန် အချိန်သိပ်မဝေးတော့ဟု ပြောဆိုလိုက်သည်။

၂၀၁၇ ခုနှစ် Ballon d’Or ဆုအတွက် ဆန်ခါတင်ကစားသမား ၃၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဟယ်ရီကိန်းမှာ တစ်ဦးတည်းသော အင်္ဂလန်ကစားသမားအဖြစ် ပါဝင်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဟယ်ရီကိန်းက “Ballon d’Or ဆုအတွက် အကောင်းဆုံးစာရင်းမှာ ရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့နဲ့အတူ ပါဝင်ခွင့်ရခဲ့တာက တကယ်ကို မိုက်ပါတယ်။ ၂၀၁၇ ခုနှစ်က ကျွန်တော့်ရဲ့ခြေစွမ်းကို ကြည့်လိုက်ပါ။ လက်ရှိခြေစွမ်းအတိုင်းဆက်လက်ထိန်းသိမ်းထားနိုင်ရ ဒီထက်ပိုတိုးတက်လာမှာပါ။ ကျွန်တော့်အနေနဲ့ Ballon d’Or ဆုကို ရယူနိုင်ဖို့ အချိန်သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

တစ်နေ့မှာ Ballon d’Or ဆုကို ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော့်အိပ်မက်ပါပဲ” ဟု ပြောဆိုခဲ့သည်။

ဟယ်ရီကိန်းသည် ၂၀၁၇ ခုနှစ်အတွင်း၌ အင်္ဂလန်လက်ရွေးစင်အသင်းနှင့် စပါးအသင်းတို့အတွက် ပွဲပေါင်း ၃၇ ပွဲ ကစားခဲ့ရာတွင် ၄၃ ဂိုးသွင်းယူထားနိုင်သည်။

ရီးယဲလ်အသင်းက လာမည့်ရာသီတွင် ဟယ်ရီကိန်းကို အရခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။ သို့သော် ဟယ်ရီကိန်းက ၎င်းအနေဖြင့် အသင်းတစ်သင်းတည်းတွင်သာ ဘောလုံးသမားဘ၀ ကုန်ဆုံးချိန်အထိ ကစားသွားလိုကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly