ကတ်တလန်ဒေသလွတ်မြောက်ရေးအတွက် ဘာစီလိုနာမြို့၌ ပြည်သူ ၄သိန်းခွဲခန့် ဆန္ဒပြသ

ကတ်တလန်ဒေသလွတ်မြောက်ရေးအတွက် ဘာစီလိုနာမြို့၌ ပြည်သူ ၄သိန်းခွဲခန့် ဆန္ဒပြသ

ဘာစီလိုနာ၊ စပိန်၊ အောက်တိုဘာ ၂၂ ။          ။ စပိန်နိုင်ငံအတွင်းမှ ကတ်တလန်ဒေသ ခွဲထွက်မသွားအောင် ပြင်းထန်သောနည်းလမ်းများဖြင့် တားဆီးရန်ကြိုး ပမ်းမည်ဟု စပိန်အစိုးရက ကြေညာခဲ့အပြီးတွင် ထိုဆုံးဖြတ်ချက်ကိုဆန့်ကျင်သည့်အနေဖြင့် ခွဲထွက်ရေး ခေါင်းဆောင်ကားလက်စ်ပွတ်ဒီမွန့်ဦးဆောင်သော ကတ်တလန်ဒေသမှပြည်သူများသည် ဘာစီလိုနာမြို့၌ စနေနေ့က ချီတက်ဆန္ဒပြခဲ့ကြသည်။

“လွတ်လပ်ရေး၊ လွတ်လပ်ရေး” ဟု သံပြိုင်အော်ဟစ်ကာ ချီတက်ဆန္ဒပြခဲ့သော လူအုပ်ကြီးထဲမှ အသက် ၂၈ နှစ်အရွယ်ရှိ ဂျော်ဒီဘယ်လ်တာက “ ယခုအချိန်ဟာ လွတ်လပ်ရေးကို   ကြေညာရမယ့်အချိန်ပဲ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ပြီး နှစ်ဘက်အစိုးရအဖွဲ့များကြား အပြန်အလှန်ဆွေးနွေးဖို့ အခြေအနေမပေးတော့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

ဘာစီလိုနာမြို့လယ်ခေါင်၌ စုရုံးပြသခဲ့သော ထိုဆန္ဒပြပွဲသည် အစပိုင်းတွင် အကျဉ်းကျခံထားရသော ခွဲထွက်ရေးခေါင်းဆောင်များ ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက ၎င်း၏အစိုးရအဖွဲ့သည် ကတ်တလန်ဒေသမှ ခွဲထွက်ရေးအစိုးရအဖွဲ့ကို ဖယ်ရှားပြီး ဝန်ကြီးဌာနများကိုထိန်းချုပ်ကာ လာမည့် ၆ လအတွင်း ထိုဒေသ၌ ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာခဲ့ချိန်တွင် ထိုလူအုပ်ကြီးသည် ဒေါသူပုန်ထွက်ကာ ပိုမိုဆန္ဒပြခဲ့ကြသည်။

မြို့တော်ရဲတပ်ဖွဲ့၏အဆိုအရ ထိုဆန္ဒပြပွဲသို့ လူပေါင်း ၄၅၀၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲ သို့ ပွတ်ဒီမွန့်နှင့် သူ၏အဖွဲ့ ရောက်ရှိလာချိန်တွင် လူအုပ်ကြီးသည် “သမ္မတကြီး၊ သမ္မတကြီး” ဟု ကြွေးကြော်ခဲ့ ကြသည်။

“ကတ်တလန်ပြည်သူတွေဟာ စပိန်နိုင်ငံရဲ့ အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ အဆက်အသွယ်ဖြတ်တောက် ခံထားရပါတယ်။ စပိန်ပြည်နယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘာဆိုဘာမှလုပ်ဆောင်လို့မရပါဘူး” ဟု ဆန္ဒပြသူ လူအုပ်ကြီးထဲ၌ပါဝင်သော အသက် ၄၅ နှစ်အရွယ်ရှိ စက်ပြင်ဆရာ ရေမွန်မီလိုက ပြောခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဘဏ်စာရေးမတစ်ဦးဖြစ်သူ မာရစ်ဇယ်အက်ဂက်ကလည်း ထိုသို့ဆက်ဆံခဲ့ရသည့် အတွက် သူမအနေဖြင့် နာကျည်းဝမ်းနည်းမိကြောင်း ပြောခဲ့သည်။

“ကျမတို့ရဲ့ အစိုးရအဖွဲ့ကို သူတို့ဖျက်ဆီးနိုင်ပါတယ်။ အရာအားလုံးကို သူတို့ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ကတော့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags