ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မီးသေတောင်တစ်ခုဖြစ်သော ပုပ္ပားတောင်ကလပ်၌ မြေကျွံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကားများ သွားလာခွင့် ပိတ်ပင်ထားပြီး လက်ရှိအချိန်တွင် ဘူမိဗေဒပညာရှင်အသင်းမှ လာရောက်လေ့လာမှုများ ပြုလုပ်နေသည်ဟု ကျောက်ပန်းတောင်းမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။
"ကားတွေတော့ သွားလာခွင့်ပိတ်ထားတယ်၊ အခုပဲ ဘူမိဗေဒပညာရှင်တွေ လေ့လာနေတယ်၊ သူတို့လေ့လာပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့" ဟု ဦးအေးခိုင်က ဆိုသည်။
ယခုမြေကျွံမှုသည် ပုပ္ပားတောင်ကလပ် အောင်သိဒ္ဓိကုန်းအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်နေပြီး တဖြည်းဖြည်း ကျွံကျလာခြင်းဖြစ်သည်ဟု သိရသည်။
ပုပ္ပားတောင် မြေကျွံမှုသည် ယခုမှ စတင်ဖြစ်ပွားခြင်းမဟုတ်ဘဲ လွန်ခဲ့သော ဆယ့်တစ်နှစ်ခန့်ကလည်း ပုပ္ပားတောင် ကလပ်၏ အရှေ့ဘက်တွင် ဖြစ်ပွားခဲ့သည်ဟု ဦးအေးခိုင်က ဆိုသည်။
"မြေပြိုတယ်ဆိုတာ ဝုန်းကနဲဆိုပြီး ပြိုကျတာမဟုတ်ဘူး၊ အခုက ဖြည်းဖြည်းချင်း တစ်ရက်ပြီးတစ်ရက်နိမ့်နိမ့်သွားတာ" ဟု ၎င်းကဆိုသည်။
ပုပ္ပားတောင်သည် မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း၌ တည်ရှိပြီး ကျောက်ပန်းတောင်းမြို့နှင့် ဆယ်မိုင်ခန့်အကွာတွင် တည်ရှိနေသည်။ ပုပ္ပားတောင်နှင့် ပတ်ဝန်းကျင်ဒေသကို UNESO တွင် Geo Park အဖြစ် စာရင်းဝင်ရန် ကြိုးစားနေမှုများ ရှိနေသည်။