FBI က ဒီအင်န်အေ စစ်ဆေးကာ ဖိလစ်ပိုင် အိုင်အက်စ်ခေါင်းဆောင် သေဆုံးကြောင်း အတည်ပြု

FBI က ဒီအင်န်အေ စစ်ဆေးကာ ဖိလစ်ပိုင် အိုင်အက်စ်ခေါင်းဆောင် သေဆုံးကြောင်း အတည်ပြု

မနီလာ၊ အောက်တိုဘာ ၂၁ ။         ။ အမေရိကန် FBI က ဒီအင်န်အေ စစ်ဆေးစမ်းသပ်ပြီးနောက် အရှေ့တောင်အာရှရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အစည်း၏ ခေါင်းဆောင်ဟု ကိုယ်ကိုကို ခံယူထားသူ ဖိလစ်ပိုင်က အိုင်အက်စ်ခေါင်းဆောင် အမှန်တကယ် သေဆုံးသည်ကို အတည်ပြုကြောင်း ဖိလစ်ပိုင်တာဝန်ရှိသတင်းရင်းမြစ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။

အိုင်အက်စ် လက်အောက်ခံ အဘူဆေယက်ဇ်အဖွဲ့၏ ဂိုဏ်းလက်တက် ခေါင်းဆောင်ဖြစ်သူ အစ်နီလွန်ဟာပီလွန်သည် မန်ဒါနာအိုကျွန်းရှိ မာရာဝီမြို့အား ဖိလစ်ပိုင်စစ်တပ်၏ စစ်ဆင်မှုအတွင်း အောက်တိုဘာ ၁၆ ရက်က သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ကို အစ္စလာမ္မစ်သူပုန်များ ဝင်စီးပြီးနောက် စစ်တပ်က ငါးလကြာ ထိုးစစ်ဆင်ခဲ့ရပြီး ယခုကဲ့သို့ ခေါင်းဆောင်ဖြစ်သူကို သုတ်သင်လိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ စစ်ဆင်ရေး တပ်ယူနစ်ဟာ ဟာပီလွန် ဖြစ်နိုင်ဖွယ် ရှိတဲ့ အလောင်းက ဒီအင်န်အေ နမူနာကို FBI ကို ပို့ထားတာ ဖြစ်တယ်။ ခု FBI က တရားဝင်အကြောင်းကြား ရတယ်။ ဒီအင်န်အေ ကိုက်ညီမှု ရှိတယ်လို့ အတည်ပြုပါတယ်။”ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လော်ရန်ဇာနာက ထုတ်ပြန်သည်။

“ရှာဖွေမှုတွေ ဖော်ထုတ်နိုင်တဲ့ အခြားအစွန်းရောက်သူပုန်ရုပ်အလောင်းတွေကိုလည်း အတည်ပြုနိုင်အောင် လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်စစ်တပ်နှင့် သူပုန်များကြား လေးနာရီကြာ ထိပ်တိုက်တိုက်ပွဲတစ်ရပ်အတွင်း ဟာပီလွန်အား သုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်။

မာရာဝီမြို့အတွင်း စစ်သွေးကြွ အနည်းငယ်မျှ ကြွင်းကျန်ရှိနေသည်ကို စစ်တပ်က ဆက်လက်ချေမှုန်းနေတုန်းဖြစ်သော်လည်း အစွန်းရောက်များလက်မှ မြို့ လွတ်မြောက်ပြီဖြစ်ကြောင်း သမ္မတ ဒူတာတေးက အောက်တိုဘာ ၁၈ ရက်တွင် ကြေညာထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly