အီဂျစ်တွင် အုပ်ချုပ်ရေး မြို့တော်သစ် စတင်တည်ဆောက်နေ

အီဂျစ်တွင် အုပ်ချုပ်ရေး မြို့တော်သစ် စတင်တည်ဆောက်နေ

 

ကိုင်ရို၊ အောက်တိုဘာ ၂၁ ။            ။ အီဂျစ်တွင် ရည်မှန်းထားသော မြို့တော်သစ်၏ တည်ဆောက်ရေး ပထမပိုင်း စတင်ရာ ယင်းအပိုင်းတွင် လူနေအဆောက်အအုံဝင်းများ၊ အရေးကြီးသည့် အစိုးရအဆောက်အအုံများ၊ လေဆိပ်တစ်ခု၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် ဟိုတယ်တစ်ခုတို့ ပါဝင်ပြီး ယင်းအပိုင်းကို လာမည့် နှစ်မကုန်မီ အပြီးသတ်မည်ဟု မျှော်လင့်ထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

ကိုင်ရိုမြို့တော်၏ နာမည်ဆိုးထွက်နေသော ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်ရေးအတွက် အီဂျစ်အာဏာပိုင်များက အုပ်ချုပ်ရေးမြို့တော်သစ် တည်ဆောက်ရန် ယခင်ကတည်းက ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း အမျိုးမျိုးသော အကြောင်းအချက်များကြောင့် နှောင့်နှေးအခက်အခဲတွေ့ခဲ့ရခြင်းဖြစ်ကြောင်း အိမ်ရာမြေရေးရာဝန်ကြီးဌာန တာဝန်ရှိသူ ဟူစိန်နီက သတင်းထောက်များအား ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတ စီစီ တရားဝင်အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့တော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ် ပထမပိုင်းသည် စတုရန်းကီလိုမီတာ ၁၆၇ အကျယ်အဝန်း ရှိကြောင်း ဟူစိန်နီက ဆိုသည်။

အပြီးသတ်ကာလ ရောက်ပြီဆိုပါက နိုင်ငံတွင်းက ဝန်ကြီးဌာနများအနေဖြင့် ၂၀၁၉ ပထမနှစ်ဝက်အတွင်း ရုံးချုပ်သစ်များသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

ကိုင်ရိုမြို့၏ အရှေ့ဖက် ကီလိုမီတာ ၃၀ အကွာ သဲကန္တရအလယ်တွင် ထောင်ပေါင်းများစွာသော အလုပ်သမားများနှင့် အင်ဂျင်နီယာများက လူနေ အိမ်ရာတိုက်ခန်းယူနစ် သုံးသောင်း တည်ဆောက်ရေးကို အပြီးသတ် အကောင်အထည်ဖော်ရေး ကြိုးစားနေစဉ် အခြားအုပ်စုများကလည်း ကက်ဘိနက်ရုံးချုပ်သစ်များ တည်ဆောက်ရေးကို စိုင်းပြင်းလျက်ရှိသည်။

ယခုအုပ်ချုပ်ရေးမြို့တော်သစ်တွင် ခရိုင်ခွဲ ၂၀ ဖြင့် ဖွဲ့စည်းကာ လူပေါင်း ခြောက်သန်းအထိ နေထိုင်နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ကိုင်ရိုမြို့ ဝန်းကျင်တွင် မြို့သစ်ပေါင်း ၂၀ နီးပါး တည်ဆောက်ထားရာ အများစုမှာ လူသူခေါင်ခိုက်နေသည် ပြောလို့ရသည့် နီးပါးအခြေအနေတွင်ပင် ရှိနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly