ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ကဏ္ဍအလိုက်ကူညီသွားမည်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ကဏ္ဍအလိုက်ကူညီသွားမည်

 

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ။                  ။ ပုဂ္ဂလိကလုပ်ငန်းရှင်များက ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး ၊လူမှုရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ကူညီထောက်ပံ့သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်က ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဦးဆောင်သော ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ယနေ့ တွေ့ဆုံမှုအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီလောက်အခက်အခဲတွေကြားမှာပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာရခိုင်ပြည်နယ် ဖွံ့ဖြိုးအောင် လုပ်ပြနိုင်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြကြမယ်" ဟု UEHRD ၏ ညှိနှိုင်းရေးမှူးချုပ်   ဒေါက်တာအောင်ထွန်းသက်က ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွက် ပုဂ္ဂလိကကဏ္ဍကျွမ်းကျင်သည့် ကဏ္ဍ (၉) ရပ်ကိုရွေးချယ်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များပါဝင်သောလုပ်ငန်းအဖွဲ့ (၉) ဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ဖွဲ့စည်းလိုက်သည့် လုပ်ငန်းအဖွဲ့များတွင် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၊ စီးပွားရေးဇုန်များဖွံ့ဖြိုးရေး၊ အသေးစားငွေကြေးထောက်ပံ့မှု၊ ခရီးသွားလုပ်ငန်း ကဏ္ဍမြင့်တင်ရေးစသည့် လုပ်ငန်းအဖွဲ့များ ပါဝင်ခဲ့သည်။


 
ဖွဲ့စည်းလိုက်သည့် လုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်များသတ်မှတ်ခြင်း၊အဖွဲ့၏ လုပ်ငန်းများသတ်မှတ်ခြင်းနှင့် လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ရန် လိုအပ်သည့် မူဝါဒများအား စုစည်းခြင်းတို့ကို လာမည့် အောက်တိုဘာလ ၂၅ ရက်တွင် ထပ်မံကျင်းပမည့် UEHRD နှင့် ပုဂ္ဂလိကကဏ္ဍတို့၏ အစည်းအဝေး၌ အတည်ပြုမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly