မူးယစ်တရားခံတွေကို ကိုယ်တိုင်ပစ်သတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကြံုးဝါး

မူးယစ်တရားခံတွေကို ကိုယ်တိုင်ပစ်သတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကြံုးဝါး

 

အောက်တိုဘာ ၂၁ ။            ။ နိုင်ငံမှာ ရှိနေတဲ့ မူးယစ်တရားခံတွေကို ဘယ်သူမှ မပစ်ရဲတော့ဘူးဆိုရင် သူကိုယ်တိုင်ပဲ ပစ်သတ်သွားမယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၂၀ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် လူ့အဖွဲ့အစည်းထဲမှာ တရားမဝင် မူးယစ်ဆေးဝါးတွေ အမြစ်ပြတ်သွားအောင် ရှင်းလင်းပစ်ရမယ်ဆိုပြီး ဒူတာတေးက အမိန့်ပေးထားပြီးနောက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းပစ်ခတ်မှုကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးထားခဲ့ရပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းရဲ့ မူးယစ်စစ်ပွဲအတွင်း လူအမြောက်အမြားနဲ့ချီပြီး သေဆုံးခဲ့ရမှုဖြစ်စဉ်တွေမှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွဲချက်တွေထွက်ပေါ်ထားခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို ယင်းတာဝန်ပေးထားမှုကနေ ပြန်လည်ရုပ်သိမ်းကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်က ဒူတာတေးက အမိန့်ထုတ်ခဲ့ပါတယ်။

အဆိုပါ မူးယစ်တရားခံတွေ ရှင်းလင်းရေးတာဝန်တွေကိုတော့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့အစား အထူးမူးယစ်နှိမ်နင်းရေးအေဂျင်စီ PDEA ကို လွှဲပြောင်းတာဝန်ပေးထားခဲ့ပါတယ်။ ဒူတာတေး တာဝန်ပေးထားတဲ့ PDEA ကတော့ တပ်ဖွဲ့ဝင် ၂,၀၀၀ သာ ရှိပြီး အင်အား ၁၆၅,၀၀၀ နဲ့ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့နဲ့ ယှဉ်ရင်တော့ များစွာအင်အားလျော့နည်းနေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားရာမှာတော့ ဒူတာတေးက ၎င်းအနေနဲ့ မူးယစ်တရားခံတွေကို ကိုယ်တိုင် သတ်ဖြတ်ဖို့ ပြင်ဆင်ထားကြောင်း၊ တရားမဝင်မူးယစ်ဆေးတွေကို ထိန်းချုပ်တဲ့အပိုင်းမှာ PDEA ရဲ့ လုပ်နိုင်စွမ်းအပေါ်လည်း သံသယဖြစ်မိနေကြောင်း  ပြောသွားပါတယ်။

" ကလေးငယ်တွေ၊အမျိုးသမီးတွေကို အဓမ္မကျင့်နေတဲ့ မူးယစ်ဆေးစွဲနေသူတွေ ရှိနေပါတယ်၊ အဲဒီလို လူတွေကို ရှင်းဖို့ကိုတောင်မှ ဒီလိုမျိုး ရဲတပ်ဖွဲ့ကိုတာဝန်မပေးချင်ဘူးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် ဒီမှာ ရှိနေပါဦးမယ်၊ သူတို့ကို ကျွန်တော်ကိုယ်တိုင် ပစ်သတ်မှာပါ၊ ဒါတကယ်ပြောတာပါ၊ ဒီအလုပ်ကို ဘယ်သူမှမလုပ်ရဲဘူးဆိုရင် ကျွန်တော်ပဲ သေနတ်မောင်းကို ဖြုတ်ရမှာပေါ့" ဆိုပြီး ဒူတာတေးက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly