ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး မထုတ်ပြန်နိုင်သေး

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုး မထုတ်ပြန်နိုင်သေး
ဓာတ်ပုံ - သူရ / မဇ္ဈိမ

 

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။             ။ ဟိုတယ်တစ်ခုလုံးနီးပါး Level 5 အဆင့်ဖြင့် မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ဆုံးရှုံးသည့်တန်ဖိုးအား မီးသတ်တပ်ဖွဲ့ က တွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။

 “ လုပ်နေတုန်းခင်ဗျာ။ တစ်ရက်နှစ်ရက်အတွင်းမှာ အပြီးထွက်မယ်လို့ ထင်တာပါပဲ။ ဘာလို့လဲဆို အသေးစိတ်လိုက် တွက်နေရတာဆိုတော့ “ ဟု ရန်ကုန်တိုင်း မီးသတ်ဒုဦးစီးမှူး ဦးမြင့်စိုးက မဇ္ဈိမသို့ပြောသည်။

မီးလောင်မှု ဆုံးရှုံးမှုတန်ဖိုးတွက်ချက်ခြင်းနှင့် မီးလောင်မှုအကြောင်းအရင်း ကို ၆ ဦးပါဝင်သည့် ဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဒုညွှန်မှူး ဦးအောင်ဆွေဝင်းက ဆိုသည်။

အောက်တိုဘာ ၁၉ ရက်နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့သည့် အဆိုပါမီးလောင်မှုသည် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့ထိ ၃ ရက်ကြာ မြင့်ခဲ့ပြီဖြစ်ပြီး ၅လွှာရှိ ရေမော်တာခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်မှထုတ်ပြန်ထားသည်။

Level 5 အဆင့်ထိ မီးလောင်ကျွမ်းသည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် မြန်မာ့အာမခံလုပ်ငန်း တွင် သန်း၈၀၀ ၊ အောင်သစ္စာဦးအာမခံတွင် သန်း ၅၀၀ အထိ အများဆုံးအာမခံတင်ထားသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံတင်ထားသည့် ဟိုတယ်အခန်းများရှိသည့် (အလယ်) ပင်မဆောင် တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့သောကြောင့် မီးလောင်မှုတွင် မြန်မာ့အာမခံလုပ်ငန်းမှ အဓိက ပေးလျော်ရဖွယ် ရှိနေသည်။

အဆိုပါမီးလောင်မှုတွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသူဟု ယူဆရသူ နှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိခိုက်မိကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မန်နေဂျာ ဦးသီဟအား အမှု ၃ ခုဖြင့် တရားစွဲဆိုကာ အမှုစစ်ဆေးရန် အတွက် လာမည့် နိုဝင်ဘာ ၁ ရက်နေ့သို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးက ချိန်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly