ပန်းဦးပြဿနာ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေး

ပန်းဦးပြဿနာ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေး
ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူအား တွေ့ရစဉ်။ ဓာတ်ပုံ-ဖေ့ဘုတ်

 

ရန်ကုန်၊ အောက်တိုဘာလ ၂၁ ။                    ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေတွင် ပန်းဦးလွှတ်သည်ဟုနာမည်ကြီးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး  သက်ဆိုင်ရာရဲစခန်းတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ထိ တရားဝင် အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးကြောင်း သထုံမြို့နယ်ရဲစခန်းမှ စခန်းမှူး ဦးမောင်မောင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ပန်းဦးလွှတ်သည်ဟုဆိုကာ ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင် အမျိုးသမီးငယ်၏အုပ် ထိန်းသူကိုယ်တိုင်အပါအဝင် ၇ ဦးမှ အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် မွန်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့၊ သထုံခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မွန်ပြည်နယ် အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့၊ သထုံမြို့ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့နှင့် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီများသို့ တိုင်ကြား စာများပို့ဆောင်ခဲ့သော်လည်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခြင်းမရှိသေးကြောင်း သိရသည်။

အလံတစ်ရာဆရာတော်ကြီး ဘဝကူးဝင်စားသူဟု ဆိုကာ  ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ၂ဝ၁၆ ခုနှစ်အထိအထိ မိန်းကလေးငယ် ၆ ဦးကို လက်ထပ်ကာ  ကွာရှင်းခြင်း မပြုဘဲ မိဘထံပြန်နေစေပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသော်လည်း အောက်တိုဘာ ၂၁ ရက်အထိ သက်သေနှင့်အတူ  အမှုမဖွင့်နိုင်သေးပေ။

“ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားဝင်အမှုဖွင့်ထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ စခန်းကို ဒီနေ့ထိ လာရောက်တိုင်ကြားထားတာလဲ မရှိသေးပါဘူး။ ဘုရားပြုပြင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အလံတစ် ရာက ရပ်မိရပ်ဖတွေက တရားရုံးကို ဦးတိုက်လျှောက်တယ်ဗျ။ အဲ့ဒါတစ်ခုပဲ ရှိတယ်”ဟု သထုံမြို့နယ်ရဲစခန်းမှ စခန်းမှူး ဦးမောင်မောင်က ပြောသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူမှာ လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး လက်ရှိတွင် ကရင်ပြည် နယ်၊ ကြာအင်းဆိပ်ကြီးဘက်သို့ ရောက်ရှိနေကြောင်း ၎င်းကျေးရွာဒေသခံများက ဆိုသည်။

 “ တရားဥပဒေနဲ့အညီပဲ ပြောဖို့လိုတယ်။ တရားဥပဒေနဲ့အညီပဲ လုပ်ဖို့လိုတယ်။ ဥပဒေချိုးဖောက်မှုတစ်ခုဖြစ် လာပြီဆိုရင် ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားဖို့လိုတယ်။ နစ်နာသူက နစ်နာတဲ့အလျောက် တရားမမှုဆိုရင် တရားမကြောင်းအရ၊ ရာဇဝတ်မှုဆိုရင် ရာဇဝတ်မှုကြောင်းအရ ဥပဒေနဲ့အညီ လုပ်ဖို့ ကိုင်ဖို့လိုတယ်။ အရှင်းဆုံး ပြောရရင် အခုပြောနေတဲ့ သားမယားပြုကျင့်မှုပုံစံမျိုးတွေ ပြောတဲ့သူက ပြောနေကြတယ်။ မဖွယ်မရာပေါ့ ပန်းဦးလွှတ်တယ်ဆိုတဲ့ ပုံစံမျိုးတွေ ပြောနေကြတယ်။ တကယ်တမ်းကျတော့ ဥပဒေကြောင်းအရ လုပ်သင့် ကိုင်သင့်တာ။ ဥပဒေကြောင်းအရ တင်ပြခဲ့တာတွေ၊ ဆောင်ရွက်ခဲ့တာတွေ သက်ဆိုင်ရာ နစ်နာပါတယ်ဆိုတဲ့ သူတွေဘက်က တစ်ခုမှမရှိဘူး ”ဟု မွန်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ယမန်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ထိုသို့ အလံတစ်ရာကျေးရွာမှ အမျိုးသမီးငယ်များကို ပန်းဦးလွှတ်သည့် ကိစ္စနှင့်ပတ်သက်၍လည်း မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌထံ တိုင်ကြားစာနှစ်စောင်ရောက်ရှိ ထားပြီးဖြစ် ကြောင်း၊ အဆိုပါကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကြားနာမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly