“လူတွေက ကျွန်တော့်ကိုဆိုရင် ရလဒ်ကောင်းနဲ့ဆုဖလားတွေပဲ မြင်လေ့ရှိကြတော့ ကျွန်တော့်အမှားပါ” ဟု မော်ရင်ဟိုဆို

“လူတွေက ကျွန်တော့်ကိုဆိုရင် ရလဒ်ကောင်းနဲ့ဆုဖလားတွေပဲ မြင်လေ့ရှိကြတော့ ကျွန်တော့်အမှားပါ” ဟု မော်ရင်ဟိုဆို

 

အောက်တိုဘာ ၂၁၊ မန်ချက်စတာ။                  ။ မန်ယူအသင်း၏လက်ရှိပုံစံနှင့်ပတ်သက်ပြီးဝေဖန်ခံနေရခြင်းမှာ မိမိ၏ပြိုင်ဘက်များနှင့်မတူသည့် အတိတ်အောင်မြင်မှုများနှင့် အလုပ်လုပ်ပုံကြောင့် နည်းပြမော်ရင်ဟိုက ဆိုသည်။

လီဗာပူးလ်နှင့် ဂိုးမရှိသရေကျသည့်ပွဲမှာ နည်းစနစ်ပိုင်းနှင့်ပတ်သက်ပြီး အပြင်းအထန်ဝေဖန်ခံနေရသည့်မော်ရင်ဟိုအနေဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အမှားကြောင့် ဝေဖန်ခံနေရတယ်လို့ပဲ ထင်ပါတယ်။ လူတွေက ကျွန်တော့်ဆိုရင် ရလဒ်ကောင်းတွေ ဆုဖလား အောင်မြင်မှုတွေနဲ့ပဲ ရင်းနှီးနေကြတာကိုး။

တစ်ချို့တွေက ကျွန်တော့်ထက်အချိန်ပိုရကြပါတယ်။ တစ်ချို့ကျတော့ ကျွန်တော်နဲ့အခြေအနေမတူကြပါဘူး။ ဒါကြောင့် ကျွန်တော့်အတွက် ဘာပြဿနာမှမရှိပါဘူး။

ကျွန်တော်တို့ အရှုံးရလဒ်တွေ ရခဲ့ဖူးပါတယ်။ အခုထက်ပိုပြီးတောင် ဝေဖန်ခံရနိုင်တယ်လို့လည်း တွေးမိပါတယ်။ ယူနိုက်တက် အသင်း ချန်ပီယံလိဂ်အဝေးကွင်းနှစ်ပွဲဆက်အနိုင်ရခဲ့ဖူးတဲ့အချိန်ကို သိချင်ပါတယ်။ (၂၀၁၂ တွင်ရရှိခဲ့ဖူး)

ချန်ပီယံလိဂ်မှာ သုံးပွဲကစားပြီး ကိုးမှတ်ရခဲ့တဲ့နောက်ဆုံးနှစ်ကိုသိချင်ပါတယ်။ (၂၀၁၂ တွင်ရရှိခဲ့ဖူး)။ ကျွန်တော်တို့ ရလဒ် ကောင်းနေပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

ပရီးမီးယားလိဂ်တွင် မန်ယူထက်ဂိုးအရေအတွက်ပိုရထားသည်မှာ မန်စီးတီးတစ်သင်းသာရှိသော်လည်း ၎င်း၏အသင်းမှာ ဂိုးသွင်းအားနည်းနေသည်ဟုလည်း မော်ရင်ဟိုကဆိုသည်။

“တကယ်လို့ အသင်းတစ်သင်းက ခံစစ်မကောင်းဘဲ ငါးဂိုးပေးထားရတယ်၊ ဒါပေမဲ့တိုက်စစ်ကောင်းလို့ ခြောက်ဂိုးပြန်ရတယ် ဆိုရင် ဘယ်လောက်လှပြီးအံ့သြဖို့ကောင်းလိုက်မလဲ။

ကျွန်တော့်ရဲ့အသင်းကတော့ ပွဲတိုင်း လေး၊ ငါး၊ ခြောက်ဂိုးမသွင်းနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ လိုအပ်တဲ့ပွဲတွေမှာ ကျွန်တော်တို့ဂိုးများများရဖို့ ခက်ပါတယ်။ ဟန်ချက်ညီဖို့ ကြိုးစားရပါမယ်”ဟု မော်ရင်ဟိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly