အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာအဖြေရှာ . . . (အပိုင်း ၁)

အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာအဖြေရှာ . . . (အပိုင်း ၁)

  ဆေးတက္ကသိုလ်အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဆရာမကြီးဒေါ်သန်းသန်းဆွေ 4R Health Talk အစီအစဉ်ရဲ့ တိုက်ရိုက်ဖြေကြားမှု အပိုင်း(၁)

 

မေး။   ။မင်္ဂလာပါခင်ဗျာ။ မဇ္ဈိမရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ကျား/မ အရွယ်စုံမှာဝမ်းချုပ်တာနဲ့ ဗိုက်အောင့်ဝေဒနာတွေကတော့ ခံစားဖူးကြမှာဖြစ်ပါတယ်။

အဲဒီဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးဖို့အတွက်   ဆေးတက္ကသိုလ်အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်သူ ဆရာမကြီးဒေါ်သန်းသန်းဆွေကိုမေးခွန်းတွေ အဖြေရှာဖို့အတွက် ကျွန်တေ်ာတို့ရဲ့ မဇ္ဈိမစတူဒီယိုထဲကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ဆရာမကြီးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးရာအဖြေရှာကဏ္ဍကနေကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

ဖြေ။   ။ ကူညီခွင့်ရလို့လည်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့။ ဒီနေ့မှာတော့ ကျွန်တော်ကဆရာမကြီးကိုပရိသတ်တွေ မေးတဲ့မေးခွန်းတွေကိုတိုက်ရိုက်မေးမြန်းပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ အရင်ဦးဆုံးဆရာမကြီးကအစာအိမ်နဲ့ အူလမ်းကြောင်းဆေးပညာဌာနမှာအဓိကတာဝန်ယူထားပြီးတော့ ၊ အတွေ့အကြုံလည်းအများကြီးရှိတယ်ဆိုတော့ ကျွန်တော်ကပရိသတ်တွေရဲ့ မေးခွန်းတွေ မလာခင်မှာအရင်ဦးဆုံးမေးချင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာအစာအိမ်နဲ့ အူလမ်းကြောင်းဆိုပြီးတော့ ပြောကြတဲ့အခါမှာအဓိကဆရာမကြီးရဲ့ အတွေ့အကြုံအရဘယ်လိုဝေဒနာမျိုးတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်ကပြည်သူတွေ အဖြစ်များလဲခင်ဗျ။

ဖြေ။   ။ခုနက Introduction လေးမှာပြောသွားတဲ့အတိုင်းပဲအသက်အရွယ်မျိုးစုံ၊ ကျားမဗိုက်မနာဖူးတဲ့သူမရှိဘူး၊ ဝမ်းမချုပ်ဖူးတဲ့သူမရှိဘူး၊ ထိုနည်းအတူဝမ်းမပျက်ဖူးတဲ့သူလည်းမရှိဘူး။ နောက်ပြီးတော့ ပိုပြီးတော့ အဖြစ်များတာကအစာမကြေတာပေါ့နော်။ အစာမကြေဘူးဆိုတာကတစ်ယောက်နဲ့တစ်ယောက်အပေါ်မှာမကျေနပ်တာကိုပြောတာမဟုတ်ဘူး။ တကယ်စားတဲ့ အစားအစာကိုအစာမကြေတာပြောတာပါ။ ဒီလိုအစာမကြေတဲ့ အခက်အခဲလေးတွေကအများဆုံး ဖြစ်နေကြပေါ့နော်။ တချို့ကျတော့လည်းရောဂါကြီးကအရမ်းကြီး၊ ဘယ်လိုခေါ်မလဲ ကြီးတာလည်းမဟုတ်ဘူး၊ ဒါပေမယ့်လည်းနေ့တဓူဝလုပ်ဆောင်မှုလေးတွေကိုအနှောင့်အယှက်ပေးနေတာပေါ့။ အဲဒီလိုမျိုးလေးတွေကအဖြစ်များပါတယ်။ ဒီအပေါ်မှာမှ ထပ်ပြီးတော့ ကြောက်မက်ဖွယ် ၊ ဒါမှမဟုတ် စိုးရိမ်ရတဲ့ အစာလမ်းကြောင်းကင်ဆာအမျိုးအစားတွေ ၊ နောက်ပြီးတော့ အချိန်မီဝင်ပြီးတော့ မလုပ်လို့ရှိရင် ။ အသက်အန္တရာယ်ကိုဆုံးရှုံးစေတဲ့ အစာလမ်းကြောင်းသွေးထွက်မှုပေါ့ ၊ ဒီလိုဟာမျိုးလေးတွေလည်း ဖြစ်တာတွေ့ရပါတယ်။ နောက်တစ်ခုကတော့ သုံးစွဲတဲ့ ဆေးဝါးတွေရဲ့ ဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးက၊ အစာလမ်းကြောင်းအပေါ်မှာလာထိခိုက်တာတွေလည်းတွေ့ရပါတယ်။

မေး။   ။ ဟုတ်ကဲ့ခင်ဗျ။ ဒါကတော့ ဒီမှာအဖြစ်များတာပေါ့နော်။ ဆိုတော့လေ ပြုမူနေထိုင်မှုနဲ့ ပတ်သက်ပြီးအစားအသောက်ပုံစံပေါ်မှာမူတည်ပြီးတော့လည်းအစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်မှာဘယ်လိုသက်ရောက်မှုတွေ ရှိတတ်လဲခင်ဗျ။ ဥပမာအပူအစပ် စားတာများရင်လည်းတစ်ခါတစ်ခါ ဝမ်းထဲမှာပူတာတွေဘာတွေ ဖြစ်တယ်ပေါ့။ ဒါ့အပြင် ဘယ်လိုမျိုးအကြောင်းအရာတွေ ဖြစ်တာတွေ ရှိလဲဆရာမကြီး။

ဖြေ။   ။ဟုတ်ကဲ့။ ရယ်စရာအနေနဲ့ ပြောမယ်ဆိုရင်တော့ ၊ ငရုပ်သီးစားလို့ရှိရင် အဝင်လည်းပူတယ် အထွက်လည်းပူတယ် ၊ အထဲမှာလဲဝင်ပြီးတော့ မထွက်သေးခင်မှာပူနေတာပဲလေ။ ဒါပေမယ့် သကြားစားရင်တော့ အဲလိုမျိုးမဟုတ်ဘူး။ ဝင်တုန်းကတော့ ချိုတယ်။ ထွက်တော့ မချိုတော့ဘူး။ နောက်တစ်ခုကကျမတို့ အစားအသောက်ဆိုတာကလည်းစားတတ်ရင်တော့ ဆေးဝါးပေါ့။ မစားတတ်ရင်တော့ အန္တရာယ်ဘေးပါပဲ။ အဲဒီအခါကျရင် ကျမတို့ ဗုဒ္ဓဘာသာလူမျိုးပေါ့နော် ၊ ကျွန်မတို့နိုင်ငံကလည်းဗုဒ္ဓဘာသာများတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ ၊ ကျွန်မတို့ရဲ့ ဘာတစ်ခုပဲဖြစ်ဖြစ် ဖြစ်တဲ့ အကြောင်းတရားကတော့ ကံစိတ်ဥတုအာဟာရပေါ့။ ကံစိတ်ဥတုအာဟာရထဲမှာအာဟာရကအင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ကကံကိုကံအတိုင်းလက်ခံထားရတာပါ။ ကံကို ပြင်လို့မရဘူး။ အဲဒီတော့ စိတ်၊စိတ်ကတော့ ပြင်လို့တော့ရတယ်။ သို့သော်လည်းစိတ်ကလည်းထိုနည်းတူစွာပဲ၊ အရမ်းကြီး သိသိသာသာကြီး ပြင်လို့ရလားဆိုတော့ သိသိသာသသာကြီးတော့ ပြင်လို့မရဘူး။ နောက် ဥတု၊ ဥတုကလည်းပဲအထိုက်အလျောက်ပေါ့။   အေးလာလို့ရှိရင် နွေးနွေးထွေးထွေးလေးနေမယ်။   နောက် ပူလာလို့ရှိရင် ပူတာနဲ့ သင့်လျော်တဲ့ ဥတုလေးကိုပေါ့။ ဒီလောက်ပဲပြောင်းလို့ရတယ်။ အာဟာရကတော့ ကျွန်မတို့ စိတ်တိုင်းကျ ပြောင်းလို့ရတယ်။ မိမိနဲ့ သင့်လျော်တဲ့ အဟာရပေါ့နော်။ ဒါကြောင့်မို့လို့လည်းဒီအစားအသောက်ကအင်မတန်မှ အရေးကြီးပါတယ်။ အဲဒီတော့ အစားအသောက် အရေးကြီးတဲ့အတွက်ကြောင့်မိုလို့လဲငရုပ်သီးစားတယ်ဆိုလို့ရှိရင်လည်း ဖြစ်တယ်။ အဲဒါလေးတွေကတော့ တော်တော်များများမှာဖြစ်တဲ့ဟာပေါ့။ ဥပမာဆိုပါတော့ ဝမ်းချုပ်တဲ့ဟာဆိုလို့ရှိရင် ကောက်ညှင်းတွေ မစားကြပါနဲ့ ၊ အစာမကြေဘူးဆိုရင် မစားပါနဲ့၊ အကြော်တွေမစားပါနဲ့ ၊ နောက်ပြီးတော့ ဆီများတဲ့ အစားအသောက်တွေ မစားပါနဲ့။ နောက်တစ်ခုကလည်းအာဟာရနဲ့ ညီညွတ်တယ်ဆိုပြီးတော့လည်းအစိမ်းကြော်တွေပေါ့။ အစိမ်းကြော်တွေကလည်း   ကောင်းစွာမကျက်သေးဘူး။ အဲဒီအခါကျတော့ ၊ ဒီကောင်းစွာမကျက်သေးတဲ့ အစာတစ်ခုကိုစားရင် ကျွန်မတို့ရဲ့ အစာချေအဖွဲ့အစည်းက ကောင်းကောင်းကြီးလုပ်နိုင်မှသာလျင် ဒါကအစာကြေမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးလေးတွေပေါ့နော်။ နောက်တစ်ခုကလည်းမသန့်ရှင်းတဲ့ အစားအသောက်ဆိုတာ၊အစားအသောက်ထဲမှာတစ်ခုခုရောနှောပါလာတတ်တယ်။ များသောအားဖြင့် အသုပ်လိုဟာမျိုးတွေ၊ ဝက်သားတုတ်ထိုးတွေပေါ့။

မေး။   ။ ဟုတ်ပါတယ်။ ရောဂါပိုးမွှားတွေအများကြီးရှိနေနိုင်တာပေါ့နော်။ ရှောင်သင့်တာပေါ့နော်။ ဒါတွေကဗိုက်ထဲစားလိုက်တဲ့အခါမှာအဓိကကအစာအိမ်လမ်းကြောင်းကနေဗိုက်ထဲကိုရောက်တော့ ဒီထဲမှာအရင်ဆုံး ပြဿနာတွေဖြစ်တာပေါ့။

ဖြေ။   ။ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျွန်မတို့ အစာအိမ်လမ်းကြောင်းထဲမှာမွေးရာပါပေါ့နော်။ ကျွန်မတို့ကိုသဘာဝတရားကြီးကဖန်တီးပေးထားတဲ့ တည်ရှိနေတဲ့ ပိုးမွှားတွေ အများကြီးရှိပြီးသား။ ဒါပေမယ့်လည်းဒီပိုးတွေထဲမှာမိတ်ဆွေပိုးရှိသလိုရန်သူပိုးလည်းရှိတယ်။ မိတ်ဆွေပိုးနဲ့ ရန်သူပိုးမှာ Valance ဖြစ်နေရင်တော့ ကိစ္စမရှိဘူး။ မိတ်ဆွေပိုးများနေရင်လည်းအစာကြေတယ်။ ကျန်းမာရေးလည်းကောင်းတယ်။ ကိုယ်ခံအားလည်းတောင့်တင်းတယ်။ မိတ်ဆွေပိုးကနည်းခဲ့မယ်ဆိုရင်တော့ အလိုအလျောက် ရန်သူကများလာတာပေါ့။ အဲဒီအခါကျတော့ ဝမ်းပျက်ဝမ်းလျောဖြစ်မယ်။

မေး။   ။ ကျေးဇူးတင်ပါတယ်ဆရာမကြီး။ အဲဒီတော့ အစာအိမ်၊အူလမ်းကြာင်းနဲ့ ပက်သတ်တာတွေကိုပရိသတ်တွေ တိုက်ရိုက် မေးမြန်းလို့ရပါပြီခင်ဗျာ။ အခုဆိုရင် ပရိသတ်တွေ မေးထားတဲ့ ၊ မေးခွန်းတွေကိုဖြေဖို့ အချိန်တန်ပါပြီခင်ဗျာ။ အဲဒီတော့ ကျွန်တော်ကို ပထမဦးဆုံးမေးလာတဲ့ မေးခွန်းတစ်ခုကို ကျွန်တော် ဖတ်ပြပါမယ်။Daw Win Winကစမေးပါတယ်။မေးထားတာကဆရာမရေ ကျွန်မဗိုက်နာနေတာက ၂ နှစ်လောက်ရှိပါပြီ။ ဗိုက်ထဲမှာကြမ်းပြီးတော့ ဖြစ်နေပါတယ်။ တစ်ခါတစ်ခါလည်းအောင့်နေပါတယ်။ ဗိုက်ကိုလက်လေးနဲ့ စမ်းကြည့်လိုက် ၊ ချက်နားတဝိုက်မှာမာနေပါတယ်။ တစ်ခါတစ်လေလေအောင့်ပါတယ်။ ပြတဲ့ဆေးခန်းကလည်းမနည်းတော့ဘူး၊ဘာမှသာမဖြစ်ဘူးပြောတယ် ၊ အဲဒါ ဘယ်လိုလုပ်ရမလဲဆရာမတဲ့ ။ အကောင်းပကတိ ဖြစ်သွားချင်တယ်ဆိုပြီးတော့ မေးထားပါတယ်။

ဖြေ။   ။ဟုတ်ကဲ့ပါ ၊ ဒီမေးခွန်းကတော်တော်များများလူနာတွေမှာ ကြုံတွေ့နေရပါတယ်။ ဗိုက်နာတာကတော့ နာဖူးတယ်ဆိုပေမယ့် ခဏလေးပဲနာမယ် ၊ တစ်နှစ်မှာတစ်ခါလောက်ဆိုရင်တော့ သိပ်ပြီးတော့ ပြဿနာမရှိဘူး။ နာနေတာ ၂ နှစ်လောက်ရှိပြီ၊ မကြာခဏဖြစ်နေတယ်ဆိုတဲ့အခါကျတော့ ၊ ဒါ သူ့မှာကတော့ ဒီဝေဒနာအတွက် ရောဂါ ရှာဖို့တော့ လိုအပ်တယ်ပေါ့နော်။ နောက်ပြီးတော့ ဗိုက်ထဲမှာ ကြမ်းနေတာတော့မဟုတ်ဘူးကျပ်နေတာဖြစ်မယ်။ စားပြီးလို့ရှိရင် များသောအားဖြင့် အစားကခါတိုင်းစားနေကျ ပမာဏပေမယ့် အစာကြေချက်မှု အားနည်းတာရယ် ၊ ဗိုက်ကကျပ်သလို ဖြစ်နေတာပေါ့နော်။ နောက်ပြီးတော့ တောင့်နေတာပေါ့နော်။ ကျွန်မတို့ကအသက်ကို ရှူလိုက်တဲ့အခါမှာကျပ်နေတဲ့အခါကျတော့ ၊ အသက်ရှူတဲ့ အပေါ်ကအဆုပ်နဲ့ ဝမ်းဗိုက်ပိုင်းရဲ့ ကြားထဲမှာ ကြွက်သားရှိတယ်။ အဲဒီအခါကျတော့ အသက်ရှူရတာလည်းသိပ်မကောင်းဘူး။ ခန္ဓာကိုယ်ကိုဆန့်ပြီးတော့ ၊ ထုတ်လိုက်ရတယ်ပေါ့နော်။ အဲဒီအခါကျတော့ သူ့ဗိုက်ကိုလက်နဲ့ စမ်းကြည့်လိုက်တဲ့အခါမှာလည်းချက်နားတဝိုက်မှာမာပြီးတော့ နေတယ်ဆိုတော့ များသောအားဖြင့်တော့ အဲဒီချက်နားတဝိုက်မှာတော့ Normally ဘာဖြစ်လဲဆိုတော့ ၊ အဲဒီနားက ကြွက်သားကအမြှောင်းလိုက်ရှိတယ်။ အဲဒီနေရာလေးမှာ ကြွက်သားလေးတွေကမာတက်တဲ့သဘောတော့ ရှိတယ်။ ဒါပေမယ့်လည်းမာရုံပဲမာမယ်။ ဖိကြည့်လို့ မနာဘူးဆိုရင်တော့ ပြဿနာမရှိဘူး။ နည်းနည်းဖိကြည့်တာနဲ့ နာတယ်ဆိုရင်တော့ စဉ်းစားရမှာပေါ့လေ။ တစ်ခါတစ်လေကျတော့ ၊ လေအောင့်နေတယ်ဆိုတာလေကတော့ ထုံးစံအတိုင်းပဲ၊ တစ်ခါတစ်လေကျရင် ရောဂါဖြစ်နေတာကတစ်နေရာ၊ လေကနောက်တစ်နေရာမှာသွားပြတာ။ လေကရွေ့လျားလို့ ရတာကိုး။ တစ်ခါတစ်လေကျတော့ ကျောဘက်ကအောင့်ပြန်ရော။ အဲဒီကျောဘက်ကိုတစ်ယောက်ယောက်ကတွန်းလိုက်ရင် ချောင်သလိုလိုနဲ့ သက်တောင့်သက်သာ ဖြစ်သွားပြန်ရောပေါ့နော်။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆရာမရေဆိုတော့ ၊ တစ်ခုတော့ရှိတာပေါ့ ၊ မိမိ ပြလက်စမိသားစုဆရာဝန်နဲ့ သေသေချာချာတိုင်ပင်၊ တိုင်ပင်ပြီးတော့ ဆေးတစ်ခုခုကိုသတ်မှတ်တဲ့ ကဏ္ဍကို Global Guide Line လို့ပြောတဲ့ ကမ္ဘာ့အစာအိမ်လမ်းကြောင်းကချမှတ်ထားတဲ့ ကုသနည်းလမ်းလေးတွေနဲ့ကု။ ဒါမှမဟုတ်ရင်လည်းတကယ်ကိုလူနာရဲ့ စိတ်ကိုသော်လည်ကောင်း၊ ခန္ဓာကိုယ်ကိုသော်လည်ကောင်း၊ နှောင့်ယှက်နေလောက်ပြီလို့ ယူဆရင်တော့ နည်းနည်းပိုပြီးတော့ တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်နဲ့ ထပ်ပြပေါ့နော်။ တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်ဆိုတော့လည်းပဲအထွေထွေအထူးကုတွေလည်းအများကြီးရှိပါတယ်။ နောက်တစ်ခုကဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေလည်းအများကြီးရှိပါတယ်။ အဲဒီလိုလေးအဆင့်လိုက်လေးပြောင်းသွားရင်တော့ အောင်မြင်နိုင်တယ်။ သူလိုချင်တဲ့ ပန်းတိုင်ကိုရောက်နိုင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ နောက်ထပ်မေးခွန်းတစ်ခုကိုသွားပါမယ်ခင်ဗျာ။ မေးလာသူကတော့ အစာအိမ်မှာအချဉ်ဓာတ်များပြီးအမြှုပ်များရှိနေပါတယ် ၊ ပြီးတော့ အစာအိမ်ကလဲ ကြီးနေပါတယ်တဲ့ ၊ မှန်ပြောင်းလည်းကြည့်ပြီးပါပြီတဲ့ ၊ ရင်ခေါင်းရဲ့ ညာဖက်မှာလည်းတစ်ခါတစ်လေအောင့်ပါတယ်တဲ့ ၊ ချွေးစေးလည်း ပြန်ပြီးတော့ တစ်ကိုယ်လုံးကိုအေးစက်နေပါတယ်တဲ့။ ဘယ်လိုဖြစ်တာပါလဲ၊ ဘယ်လိုဆေးကိုမှီဝဲရမလဲဆိုပြီးတော့ ဆရာမကြီးကိုမေးထားပါတယ်။

ဖြေ။   ။သူကအချဉ်ဓာတ် များတယ် ၊ အမြှုပ်တွေ များတယ်ဆိုကတည်းကသူ့အလိုလိုတော့ သူသိမှာမဟုတ်ဘူး။ ဒီအချဉ်ဓာတ်တွေကအပေါ်ကို အချဉ်ဓာတ် ပြန်လို့ပေါ့နော်။   နောက်တစ်ခုကအမြှုပ်ဆိုတာကလည်းအဲဒီလိုပဲတစ်ခါတစ်လေကျလို့ရှိရင် ၊ ချောင်းဆိုးရောဂါ မဟုတ်ပဲနဲ့ ပါးစပ်ထဲမှာတံတွေးလိုအချဉ်တွေ များတာပေါ့။ အဲဒါဆိုကတည်းကသူ့ရဲ့ အစာအိမ်ရဲ့ Acid Production လို့ပြောတဲ့ အစာအိမ် အချဉ်ထုတ်တာတော်တော်လေးတော့ များနေတယ်။ ပုံမှန်ထက် ပိုနေတာပေါ့နော်။ အစာအိမ် ကြီးတယ်ငယ်တယ်ဆိုတာကတော့ ကြည့်လိုက်တဲ့အချိန်မှာမှန်ပြောင်းနဲ့ ကြည့်လိုက်တဲ့အချိန်မှာလေအများကြီးထိုးရင်လည်း၊ ဗူဖောင်းလိုများအကြီးကြီးပေါ့လေ။ လေကိုနည်းနည်း ပြန်ထုတ်လိုက်လို့ရှိရင်လည်း။ သူ့ဘာသာသူသာမန်ပြန်ဖြစ်သွားတယ်။ အစာအိမ်မှာသူ့မှာမှ ပိုကြီးတယ် ဆိုတာတော့ မရှိပါဘူး။ အစာအိမ်ကတော့လေအထိုးအသွင်းများတဲ့အတွက်ကြောင့် အစာအိမ်က ကြီးနေတယ်လို့ ၊ ရှင်းပြတဲ့ဆရာဝန်ကအလွယ်တကူပြောလိုက်တာလား၊ ဒါမှမဟုတ် သူနားလည်မှု လွဲသွားတာလား၊ အဲဒီလိုတစ်ခုခု ဖြစ်ဖို့ များပါတယ်။ အဲဒါလည်းပဲ ခုနတုန်းကပြောသလို အစာအိမ်ကိုလည်း မှန်ပြောင်းနဲ့ ကြည့်ပြီးပြီ၊ အစာအိမ်ထဲမှာပိုးရှိမရှိလည်းသိမယ်။ ရောင်တဲ့ အမျိုးအစားကိုလည်း အဲဒီဆရာဝန်က တစ်ခါတည်းစစ်ဆေးလိုက်မယ်ဆိုရင် ၊ သူ့ရဲ့ ဖြစ်တဲ့ဟာကသေသေချာချာစစ်ပြီးသား ဖြစ်မှာပါ။ အဲဒီမှန်ပြောင်းအဖြေနဲ့ တတ်ကျွမ်းတဲ့ အစာအိမ်လမ်းကြောင်းဆရာဝန်နဲ့ ပြရင်ပြ ၊ ဒါမှမဟုတ်ရင်လည်း ကြည့်ပေးတဲ့ ဆရာဝန်နဲ့ ဆွေးနွေးရင်လည်းဆွေးနွေးပေါ့နော်။

ဆက်လက်ဖော်ပြပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly