ထိပ်ပြောင်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

ထိပ်ပြောင်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

ရေးသားသူ Dr. Ye Pyae Hein 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အသက်အရွယ်ရလာသည်နှင့်အမျှ သင့်ဆံပင်၏ ထူထဲမှုသည်လည်း တဖြည်းဖြည်းလျော့ပါးလာသည်။ သင့်ဆံပင်ဆံသားစပ်သည်လည်း နောက်သို့ရောက်ရောက်သွားပြီး သင်၏ ဦးရေပြားသည်လည်း ပါးလှပ်သော ဆံပင်ကို ကျော်၍ ပိုမိုမြင်လာရသည်။ ယခုဖြစ်စဉ်သည် မျိုးရိုးဗီဇပေါ်မူတည်၍ ကြိုတင်သတ်မှတ်ထားပြီးဖြစ်သော်လည်း အောက်ပါနည်းလမ်းနှစ်သွယ်ကိုအသုံးပြု၍ ဆုံးရှုံးခဲ့ပြီးသော ဆံပင်များကို ထပ်မံမဆုံးရှုံးတော့ရန်နှင့် ဆံပင်များ ထပ်မံပေါက်ရန်ကိုသာ ဖြစ်စေနိုင်ပါသည်။

(၁) မီနောက်ဆီဒေးလ်ဟုခေါ်သော ဆေးရည် (သို့မဟုတ်) လူးဆေး ( Minoxidil )

သင့်အနေဖြင့်သောက်ဆေးများကိုလည်း မသုံးစွဲဘဲ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ချင်သည်ဆိုလျှင် မီနောက်ဆီဒေးလ်သည် သင်ရှာဖွေနေသော အဖြေဖြစ်လိမ့်မည်။ သင်၏ကျန်ရှိသော ဘဝအချိန်များတွင် တစ်နေ့လျှင် ၂ ကြိမ်အသုံးပြုနိုင်ပါသည်။ အဆင်ပြေသည်မှာ ထိုဆေးသည်ဆရာဝန်ညွှန်ကြားချက် မလိုဘဲ အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ပိုမိုကောင်းမွန်သည့် အချက်မှာ ထိုဆေး၌ ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါးခြင်းဖြစ်သည်။ ထိုဆေး၏ အလုပ်လုပ်ပုံကို တိကျရှင်းလင်းသည့် သိပ္ပံနည်းကျဖြေရှင်းချက် မရှိသေးပါ။ သို့သော် သုတေသီများက ထိုဆေးသည် ဆံရင်းရှိ ဆံအိတ်များကို ကြီးထွားစေပြီး ဆံပင်ရှင်သန်မှုကို အားပေးသည်ဟု ဆိုကြသည်။ မီနောက်ဆီဒေးလ်ကို အသုံးပြုမည်ဟု ဆန္ဒရှိလျှင် စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ သိသာမြင်သာသော ပြောင်းလဲမှုဖြစ်ရန် အနည်းဆုံးအချိန် ၄ လခန့် ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ အချို့လူများတွင် ထိုဆေးသည် ဦးရေပြားကို ယားယံစေခြင်း ၊ အဖတ်အဖတ်များ ကွာကျစေခြင်းမျိုးလည်းရှိနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် တုန့်ပြန်လွယ်သော အရေပြားရှိသူများသည် သတိပြု၍ သုံးစွဲသင့်သည်။

(၂) ဖီနာစထရိုက်ဟုခေါ်သော ဆေးပြား ( Finasteride )

အကြောင်းတစ်ခုခုကြောင့် မီနောက်ဆီဒေးလ်ကို အသုံးမပြုနိုင်သူများအတွက် ဖီနာစထရိုက်သည်သာ ရွေးချယ်စရာကျန်ပါသည်။ ဖီနာစထရိုက်သည် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေသော ဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း (Dihydrotestosterone )

ဆံပင်ကျွတ်ခြင်းကို ဖြစ်စေသော ဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း ( Dihydrotestosterone ) ထုတ်လုပ်မှုကို ဟန့်တားခြင်းဖြင့် အလုပ်လုပ်ပါသည်။ မျိုးရိုးဗီဇအရ ထိပ်ပြောင်ခြင်းဖြစ်နိုင်ခြေရှိသူများတွင် ထိုဟော်မုန်းသည် ဆံပင်ရင်းရှိ ဆံအိတ်လေးများထဲသို့ လွယ်ကူစွာ ရောက်ရှိပြီး ဆံရင်းအိတ်သေဆုံးအောင်ပြုလုပ်သည်။ လူအများစုတွင် ဖီနာစထရိုက်သည် ထိပ်ပြောင်ခြင်းဖြစ်စဉ်ကို ဟန့်တားနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ ထိုဆေးကို သောက်သုံးသူများတွင် ဆံပင်များပြန်လည်ရှင်သန်သည်ကို သိသာစွာ သတိထားမိကြသည်။ ပိုမိုကောင်းမွန်သော ရလဒ်ရရန် မီနောက်ဆီဒေးလ်နှင့်လည်း တွဲဖက်၍ အသုံးပြုနိုင်ပါသည်။ သင့်အနေဖြင့် မီနောက်ဆီဒေးလ် (သို့မဟုတ်) ဖီနာစထရိုက် (သို့မဟုတ်) နှစ်မျိုးစလုံးစသဖြင့် ဆန္ဒရှိသလို သုံးစွဲနိုင်သည်။ သို့သော် သင်ရွေးချယ်ထားသော ဆေးနည်းကိုတော့ စွဲမြဲစွာ သုံးစွဲဖို့လိုသည်။ ထိပ်ပြောင်ခြင်းအတွက် လုံးဝပျောက်ကင်းစေသည့် နည်းလမ်းတော့မရှိပါ။ သင်လုပ်နိုင်သော အကောင်းဆုံးနည်းလမ်းမှာ သင့်ပြဿနာကို နှေးကွေးဟန့်တားစေရန် ကိုယ်တိုင်အားထုတ်မှုပင်ဖြစ်သည်။ သင်ရွေးချယ်ထားသော ကုသမှုကို ရပ်တန့်လိုက်လျှင် သင်၏ ဆံပင်များပြန်လည်ကျွတ်ထွက်မည်ဖြစ်ပြီး ယခင်ကထက် ပို၍ မြန်မြန်ကျွတ်ထွက်ခြင်းပင် ရှိနိုင်ပါသည်။

လုံလောက်သောအချိန်နှင့် အားထုတ်မှုပြုပါက သင့်ဆံပင်များ၏ တိုးတက်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ သင်၏ ပင်ကိုယ်မျိုးရိုးဗီဇက ဆံပင်ကျွတ်ခြင်း ပြဿနာဖြစ်စေနိုင်သော်လည်း ထိုအတိုင်းမဖြစ်မနေ  အဆုံးသတ်ရမည်တော့မဟုတ်ပါ။ အစပိုင်းတွင် မီနောက်ဆီဒေးလ် ဆေးရည်လူးရခြင်း (သို့မဟုတ်) ဖီနာစထရိုက်ဆေးပြားများ သောက်ရခြင်းက သင့်အတွက် အဆင်မပြေဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် အသားကျလာပြီးသင့်အနေဖြင့် မလုပ်ရမနေနိုင်ခြင်းမျိုးပင် ဖြစ်လာပါလိမ့်မည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly