အိုဘားမား တက္ကသိုလ်ကျောင်းသားဘဝတုန်းက ချစ်သူမိန်းကလေးဆီ ပေးခဲ့တဲ့ ရည်းစားစာများ ထွက်ပေါ်လာ

အိုဘားမား တက္ကသိုလ်ကျောင်းသားဘဝတုန်းက ချစ်သူမိန်းကလေးဆီ ပေးခဲ့တဲ့ ရည်းစားစာများ ထွက်ပေါ်လာ

 

 

အောက်တိုဘာ ၂၀ ။                  ။ အမေရိကန်သမ္မတဟောင်း ဘရက်ခ်အိုဘားမား တက္ကသိုလ်တက်စဉ် လူငယ်ဘဝတုန်းက သူ့ရဲ့ ချစ်သူမိန်းကလေးကို ပေးခဲ့တဲ့ ရည်းစားစာတွေ ယခုအခါ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

ယခု ထွက်ပေါ်လာတဲ့ လက်ရေးစာတွေကတော့ မစ္စတာ အိုဘားမားနဲ့  သူ ကျောင်းသားဘဝတုန်းက ကယ်လီဖိုးနီးယားမှာ တွေ့ဆုံခဲ့တဲ့ အလက်ဇန်ဒရာ မက်နဲယားဆိုသူ မိန်းကလေးတို့အကြားက ပေးစာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အိုဘားမား ရေးသားခဲ့တဲ့ ယင်း ရည်းစားစာတွေကိုတော့ ၂၀၁၄ ခုနှစ်ကမှ Emory တက္ကသိုလ်က နှင်းဆီ စာကြည့်တိုက်က ရရှိ သိမ်းဆည်းထားခဲ့ပြီး ယခုအခါ ယင်းစာတွေကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

အဆိုပါ ရည်းစားစာတွေထဲမှာတော့ နောက်တစ်ချိန်မှာ အမေရိကန်သမ္မတဖြစ်လာမယ့် သူတစ်ယောက်ရဲ့ ငယ်စဉ်အချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အကျပ်အတည်းတွေ၊ စားဝတ်နေရေးအတွက် အလုပ်တစ်ခုကို မဖြစ်မနေ လုပ်နေခဲ့ရတာတွေကို ပြသနေလျက်ရှိတယ်လို့ သိရပါတယ်။

" ဒီစာတွေကို ဖတ်ကြည့်မယ်ဆိုရင် လှလှပပ စီကုံးဖွဲ့ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ နောက်ပြီး လူငယ်လေးတစ်ယောက် သူ့ဘဝရဲ့ အဓိပ္ပါယ်နဲ့ သူ့ကိုယ်ပိုင် ဝိသေသ ကို ရှာဖွေနေခဲ့တာကို မြင်တွေ့နိုင်ပါတယ်" ဆိုပြီး ပြတိုက်ညွန်ကြားရေးမှူး ရို့စ်မေရီ မက်ဂီက ပြောပါတယ်။

အဆိုပါ စာတွေကိုတော့ အိုဘားမားနဲ့ ဇနီး မီရှဲတို့ မတွေ့ဆုံခင် ငါးနှစ်အလို လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်တို့က ရေးသားခဲ့တာဖြစ်ပါတယ်။

အိုဘားမား ရဲ့ ရည်းစားစာတွေထဲက တစ်စောင်မှာဆိုရင် " မင်းကို ငါလွမ်းနေမိတယ်ဆိုတာ မင်း သိနေမယ်လို့ ငါယုံထားတယ်၊ မင်းနဲ့ပတ်သက်လို့ ငါ့ရဲ့ အလေးထားမှုက ဟောဒီ လေထုကြီးလောက် ကျယ်ပါတယ်၊ နောက်ပြီး မင်းအပေါ် ငါ့ရဲ့ ယုံကြည်မှုကလည်း ပင်လယ်ကြီးလောက် နက်ရှိုင်းပါတယ်" ဆိုပြီးအိုဘားမားက ရေးသားထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အနေဝေးနေခဲ့တဲ့ သူတို့နှစ်ဦးအကြား ဆက်ဆံရေးက မရှည်ကြာခဲ့ဘူးလို့ သိရပါတယ်။ ၁၉၈၃ ခုနှစ်က အိုဘားမားက " တစ်ခါတစ်ခါတော့လည်း မင်းအကြောင်း ငါတွေးနေမိပေမယ့် ငါ့စိတ်တွေက ရှုပ်ထွေးလာနေတယ်၊ ကြည့်ရတာတော့ ငါတို့ မဖြစ်နိုင်တာကိုမှ ငါတို့ လိုချင်နေကြတယ်ထင်တယ်၊ ဒါကြောင့်လည်း ငါတို့နှစ်ဦး ဝေးနေကြတာဖြစ်လိမ့်မယ်" ဆိုပြီး သူ့ချစ်သူမိန်းကလေးထံ အိုဘားမားက ရေးသားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags