အဲဗာတန်အသင်းမှ ထုတ်ပယ်ခံရနိုင်ကြောင်း နည်းပြကိုးလ်မန်းဝန်ခံ

အဲဗာတန်အသင်းမှ ထုတ်ပယ်ခံရနိုင်ကြောင်း နည်းပြကိုးလ်မန်းဝန်ခံ

အောက်တိုဘာ ၂၀၊ အင်္ဂလန် ။          ။ ယူရိုပါလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း၌ လိုင်ယွန်အသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် အဲဗာတန်အသင်းမှ ထုတ်ပယ်ခံရနိုင်ကြောင်း နည်းပြရော်နယ်ကိုးလ်မန်းက ဝန်ခံခဲ့သည်။

အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်၌ နိုင်ပွဲ ၂ ပွဲသာ ရရှိသေးပြီး အဆင့် ၁၆ နေရာတွင် ရပ်တည်နေသလို ယူရိုပါလိဂ်တွင်လည်း ၁ မှတ်သာ ရရှိသေးကာ အုပ်စုနောက်ဆုံးနေရာ၌ ရပ်တည်နေသည်။

“အသင်းက နိုင်ပွဲမရခဲ့သလို ကစားပုံကလည်း မကောင်းခဲ့ပါဘူး။ အဲဗာတန်အသင်းက ကျွန်တော့်ကို ထုတ်ပယ်လိုက်နိုင်ပါတယ်။ ဒါက နည်းပြတွေရဲ့ဘဝပါပဲ။

နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဘုတ်အဖွဲ့ကပဲ ချမှတ်မှာပါ။ ကျွန်တော်ဘာမှ လုပ်လို့ မရပါဘူး။ ကျွန်တော်ကတော့ သန်မာပါတယ်။ ဒီနေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားသွားမှာပါ။ ဒီနေရာနဲ့ကျွန်တော် မသင့်တော်တော့ဘူးဆိုရင် ဘုတ်အဖွဲ့က ပြောပါလိမ့်မယ်” ဟု ရော်နယ်ကိုးလ်မန်းက ဆိုသည်။

အဲဗာတန်အသင်းသည် ယခုနှစ်တွင် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၃၀ ကျော်အသုံးပြုထားပြီး ရွန်နီ၊ မိုက်ကယ်ကိန်းနှင့်ဆီဂတ်ဆင်တို့အပါအဝင် ကစားသမား ၁၄ ဦးအထိ ခေါ်ယူထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly