ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သော မီးသတ်ဦးစီးမှူး စိုးရိမ်ရ

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သော မီးသတ်ဦးစီးမှူး စိုးရိမ်ရ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာလ ၂ဝ ။           ။ Level 5 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် မီးငြိမ်းသတ်နေစဉ် မီးသတ်ဦးစီးမှူးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင်  အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေ အနေရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သော မီးသတ်ဦးစီးမှူးမှာ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံးကြောကုသဌာန အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းမှာ မီးငြိမ်းသတ်နေစဉ် ၎င်းဦးခေါင်းပေါ်သို့ တန်းတစ်ခုပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဦးနှောက်အမြှေးအောက်သွေးခဲ၊ ဦးနှောက်အသားထဲသွေးယိုစိမ့်၊ ဝဲနားထင်ရိုး ကျိုးဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

“ ရွှေပြည်သာမီးသတ်စခန်းက မီးသတ်ဦးစီးမှူးပေါ့။ သူ မီးငြိမ်းသတ်နေတဲ့အချိန်မှာပဲ အပေါ်က တန်းပြုတ် ကျလို့ ဦးခေါင်းထိခိုက်သွားတယ်လို့ သိရတယ်ဗျ။ သူက ဦးထုတ်ဆောင်းထားပေမယ့် အပေါ်က ပြုတ်ကျတဲ့ တန်းက နည်းနည်းလေးကြီးတော့ ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်သွားတယ်လို့ ကြားတယ်ဗျ”ဟု မီးငြိမ်းသတ် ရာတွင် သွားရောက်ကူညီပေးခဲ့သော ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်ကမဇ္ဈိမ သို့ ပြောသည်။

ထိုသို့ တန်းပြုတ်ကျသဖြင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သော မီးသတ်စခန်းမှူးအား ရန်ကုန်ပြည်သူ့ဆေး ရုံကြီးတွင် ခွဲစိတ်ထားကာ လက်ရှိအခြေအနေတွင် မျက်စိဖွင့်မရ၊ လေပြွန်ဖောက်ထား၊   ခြေ/လက်အနည်း ငယ်လှုပ်နိုင်သော်လည်း စိုးရိမ်ရသည့်အခြေအနေရှိနေပြီး ဦးနှောက်နှင့်အာရုံးကြောကုသဌာန အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုမှုခံယူလျက်ရှိကြောင်းသိရသည်။

အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃ဝ မိနစ် အချိန်ခန့်မှ စတင်ပြီး ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် Level 5 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဦးသေဆုံးပြီး   နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုမှာ ၂ဝ၁၆ ခုနှစ် မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားပြီးနောက် အကြီးမားဆုံးမီးလောင်မှုတစ်ခုဖြစ်သည်။

ယင်းဟိုတယ်မှာ ကျွန်းသားများဖြင့် တည်ဆောက်ထားသော ထူးခြားသည့် ရှေးဟာင်းဗိသုကာလက်ရာများရှိပြီး ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်ဖြစ်ကာ ရန်ကုန်မြို့၏ အထိမ်းအမှတ်များထဲတွင် တစ်ခုတွင်အပါအဝင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly