ရွှေရောင်အတိလွှမ်းနေသော ထိုင်းဘုရင်ကြီး ဘူမိဘော၏ လောင်တိုက်တော် တည်ဆောက်မှု အပြီးသတ်

ရွှေရောင်အတိလွှမ်းနေသော ထိုင်းဘုရင်ကြီး ဘူမိဘော၏ လောင်တိုက်တော် တည်ဆောက်မှု အပြီးသတ်

 

ဘန်ကောက်၊ အောက်တိုဘာ ၁၉ ။              ။ နတ်ရွာစံ ကံတော်ကုန် ထိုင်းဘုရင်ကြီး ဘူမိဘောအား မီးသဂြိုဟ်ဈာပနချမည့် တော်ဝင်လောင်တိုက်တော်သည် အလုံးစုံ တည်ဆောက်မှု ပြီးစီးပြီဖြစ်သည်။

ပြည်ပမှ ဂုဏ်သရေရှိလူကြီးများ ဒါဇင်များစွာ တက်ရောက်မည့် ဘုရင်ကြီး ဘူမိဘော ဈာပနာအတွက် လောင်တိုက်တည်ဆောက်ရေး အပြီးသတ်မှု အခမ်းအနားကို သားဖြစ်သူ လက်ရှိ ထိုင်းဘုရင် မဟာဝါဇီရာလောင်ကွန်းက ဂုဏ်ပြုစကား ပြောကြားသည်။

ထိုသို့ ဂုဏ်ပြုစကား ချီးကျူးပြီးနောက် ဘုရင် မဟာဝါဇီရာလောင်ကွန်းက လောင်တိုက်တော်ထိပ်တွင် ထိုင်းဘုရင်များ၏ မင်းမြောက်တန်ဆာဖြစ်သော ထီးဖြူကိုးစင်းကို ဖွင့်လှစ်ထားရှိသည်။

ဘုရင်ကြီးဘူမိဘော၏ လောင်တိုက်တော်ကို ဘန်ကောက်မြို့ဟောင်းရှိ တော်ဝင်နန်းတော်ရာ ရှေ့တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ဆယ်လကြာ တည်ဆောက်ခဲ့သော အဆိုပါ လောင်တိုက်တော်တွင် နတ်သား၊ နတ်သမီး ရုပ်တုအမျိုးမျိုးကိုလည်း ထုလုပ်ထားရှိသကဲ့သို့ ဘုရင်ကြီး၏ အချစ်တော် ခွေးရုပ်တုများကိုလည်း ထားရှိထားသည်။

အောက်တိုဘာ ၂၆ ရက်တွင် ဘုရင်ကြီးဘူမိဘောအား မီးသဂြိုဟ်မည်ဖြစ်ကာ ငါးရက်တာ ဈာပနအခမ်းအနားသို့ ဝမ်းနည်းပူဆွေးသော ပြည်သူများ ရာထောင်ချီကာ လာရောက်ကြည့်ရှုဖွယ် ရှိသည်။

ဈာပနမတိုင်မီ တော်ဝင်နန်းတော်ရာတွင် ထားရှိထားသော ဘုရင်ကြီးရုပ်ကလပ်တော်အား နောက်ဆုံးဖူးမျှော်ကြသည့် ပြည်သူပေါင်းမှာလည်း နိုင်ငံလူဦးရေ၏ ခြောက်ပုံတစ်ပုံ ၁၂ သန်းနီးပါး ရှိသည်။

အမျိုးသား ရုံးပိတ်ရက်အဖြစ် ကြေညာထားသော ဈာပနာမီးသဂြိုဟ်သည့် အောက်တိုဘာ ၂၆ ရက်နေ့သည် ထိုင်းနိုင်ငံအား ၁၉၄၆ ခုနှစ်မှစကာ သေဆုံးချိန် ၂၀၁၆ အောက်တိုဘာ ၁၃ ရက်အထိ ထီးနန်းစိုးစံခဲ့သော ဘုရင်ကြီးအား ချစ်မြတ်နိုးကြသည့် ထိုင်းပြည်သူများအတွက် နောက်ဆုံးနှုတ်ဆက်ရသည့် နေ့လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly