ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုတွင် တည်းခိုသူများ ကျေနပ်သည်အထိ ဆောင်ရွက်ပေးရန် ဦးတေဇပြော

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုတွင် တည်းခိုသူများ ကျေနပ်သည်အထိ ဆောင်ရွက်ပေးရန် ဦးတေဇပြော
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၁၉ ။              ။ ယနေ့ အောက်တိုဘာလ ၁၉ ရက် မနက်အစောပိုင်းတွင် Level 5 အဆင့်ထိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် တည်းခိုနေသူ နိုင်ငံခြားသားများကို ကျေနပ်သည် အထိ စီစဉ်ဆောင်ရွက်ပေးရန် ဟိုတယ်ပိုင်ရှင် ဦးတေဇက မှာကြားထားသည်ဟု ထူးကုမ္မဏီများအုပ်စု ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဌေးလွင်က ပြောသည်။

“ သူတို့ သက်ဆိုင်ရာနိုင်ငံက မိသားစုကို လိုက်တွေ့ပြီးတော့ကို သူတို့ကျေနပ်လောက်တဲ့အနေအထားမျိုးအထိ အားလုံးစီစဉ်ပေးပါဆိုတဲ့ စကားရထားတဲ့အတိုင်းပဲ ။ ကျွန်တော်တို့ဘက်ကလည်း သေသေချာချာ ဆောင်ရွက်သွားမှာပါ” ဟု ဦးဌေးလွင်က  ပြောသည်။

အောက်တိုဘာ ၁၉ ရက်အထိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ တည်းခိုနေသူ ၁၄၁ ဦးရှိနေပြီး ထက်ဝက် ကျော်မှာ နိုင်ငံခြားသားများဖြစ်ကြောင်း ထူးကုမ္ပဏီဘက်မှ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို မီးသတ်တပ်ဖွဲ့မှတွေ့ရှိခဲ့ပြီး အမျိုးသားသည် ပျောက်ဆုံးနေသည့် ဂျပန်နိုင်ငံသားဟု ယူဆရကာ ဟိုတယ်ဘက်မှ အတည်ပြုပေးခြင်း မရှိသေးပေ။

ဟိုတယ်တွင် တည်းခိုနေသူ ဟောင်ကောင်နိုင်ငံ မကာအိုမြို့မှ အမျိုးသမီးတစ်ဦး ၃ လွှာမှ ခုန်ချသောကြောင့် ခါးတွင် ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတိလစ်ခဲ့သော ကြောင့် ဆေးကုသမှု ခံယူနေရသည်။

ထူးကုမ္မဏီအုပ်စုမှ ဝယ်ယူထားသည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရှိ သက်တမ်း ရာကျော်ရှိသည့် အဆောက်အဦများမဟုတ်ဘဲ  တည်းခိုဆောင်များရှိသည့် ပင်မ (အလယ်) အဆောင်သာ အဓိက လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဟိုတယ်ဘက်မှ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိ နေ့လယ် ၃ နာရီအချိန်ထိ ဆုံးရှုံးတန်ဖိုးနှင့် မီးလောင်ရသည့်အကြောင်းအရင်း မသိရှိရသေးဘဲ စုံစမ်း စစ်ဆေးလျှက်ရှိကြောင်းသာ သိရသည်။

အဆိုပါ မီးလောင်မှုတွင် နိုင်ငံခြားသားများ ပတ်စ်ပို့စ် ပျက်စီးဆုံးရှုံးမှုရှိပါက မင်္ဂလာတောင်ညွှန့်မြို့ နယ် လဝကမှ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

"အဓိက အဲဒီမှာ အရေးကြီးတာက နိုင်ငံခြားသားခရီးသည်တွေ ရှိတာပေါ့ ။ လူတစ်ကိုယ်စာပဲ ရှိတယ် ။ ပတ်စ်ပို့စ်တွေဘာတွေ အခက်အခဲရှိတာပေါ့ ။ မင်္ဂလာတောင်ညွှန့်မြို့ နယ် လဝက ဦးစီးတွေကလည်း ဆောင်ရွက်ပေးနေတယ်"ဟု မင်္ဂလာတောင်ညွှန့်မြိုနယ် ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မဇ္ဈိမသို့ ပြောသည်။

ဟိုတယ်တွင် တည်းခိုနေထိုင်သူများကို ချက်ထရီယမ်ဟိုတယ်၊ ဂျပ်စမင်ပဲလေ့စ်ဟိုတယ်များသို့ လတ်တလော ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

လက်ရှိ ဟိုတယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၃၀၀ ခန့်ရှိပြီး  အဆိုပါအချိန်တွင်တာဝန်ကျ ဝန်ထမ်း ၆၀ ကျော်ရှိသည်ဟုလည်း သိရကာ ထိခိုက်ဒဏ်ရာရရှိမှု မကြားသိရသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly