၁၄ ကြိမ်မြောက် ‘The Voice’ သီချင်းဆိုပြိုင်ပွဲ၌ အကဲဖြတ်ဒိုင်လုပ်မည့် အယ်လီရှာကီးစ်

၁၄ ကြိမ်မြောက် ‘The Voice’ သီချင်းဆိုပြိုင်ပွဲ၌ အကဲဖြတ်ဒိုင်လုပ်မည့် အယ်လီရှာကီးစ်

 

အမေရိကန်အဆိုတော် အယ်လီရှာကီးစ်သည် NBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် ၁၄ကြိမ်မြောက် ‘The Voice’ သီချင်းဆိုပြိုင်ပွဲ၌ အကဲဖြတ်ဒိုင်အဖြစ်ရော၊ အဆိုနည်းပြတစ်ဦးအဖြစ်ပါ ပါဝင်သွားမည်ဟု ကြေညာခဲ့ သည်။

ထို့ကြောင့် ဂရမ်မီဆု ၁၅ ကြိမ်ဆွတ်ခူးထားသော အယ်လီရှာကီးစ်သည် အခြားနာမည်ကြီးအဆိုတော်များ ဖြစ်ကြသော အဒမ်လက်ဗ်ဗင်း၊ ဘလိတ်ခ်ရှယ်လ်တန်၊ ကယ်လီကလာ့ခ်ဆန်တို့နှင့်အတူ အဆိုပါပြိုင်ပွဲ၌ ဒိုင်နည်းပြတစ်ဦးအဖြစ် ပါဝင်သွားမည်ဖြစ်သည်။ ယခုအကြိမ်သည် သူမအတွက် ယင်းအဆိုပြိုင်ပွဲ၌ တတိယ အကြိမ်မြောက် ဒိုင်နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

“ဒိုင်နည်းပြတစ်ဦးအဖြစ်ဆောင်ရွက်ဖို့ ဒီအဆိုပြိုင်ပွဲကိုပြန်လာတဲ့ အယ်လီရှာကီးစ်ကို ကျနော်တို့ဝမ်းမြောက် ဝမ်းသာကြိုဆိုပါတယ်။ သူမဟာ ပါရမီထူးချွန်ပြီး ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ အဆိုရှင်တစ်ဦးပါ။ သူမဟာ ပြိုင်ပွဲဝင် အဆိုရှင်တွေ အနိုင်ရရှိအောင် နည်းပြပေးနိုင်သူတစ်ဦးပါ” ဟု NBC Entertainment ၏ ဥက္ကဌဖြစ်သူ ပေါလ်တယ်လက်ဒီက ပြောခဲ့သည်။

လက်ရှိထုတ်လွှင့်နေသည့် ၁၃ ကြိမ်မြောက် ‘The Voice’ သီချင်းဆိုပြိုင်ပွဲတွင် ဂျနီဖာဟတ်ဆန်၊ မိုင်လီဆိုင်းရပ်စ်၊ အဒမ်လက်ဗ်ဗင်း နှင့် ဘလိတ်ခ်ရှယ်လ်တန်တို့က ဒိုင်နည်းပြများအဖြစ်   ဆောင်ရွက်လျက်ရှိ သည်။ ၁၄ ကြိမ်မြောက် ‘The Voice’ သီချင်းဆိုပြိုင်ပွဲကို လာမည့် ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်ထုတ် လွှင့်သွားရန် စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly