ပျောက်ဆုံးဂျက်လေယာဉ်မှ လေယာဉ်မှူးနှင့် လေယာဉ်အပိုင်းအစများအား ဆက်ရှာဖွေနေ

ပျောက်ဆုံးဂျက်လေယာဉ်မှ လေယာဉ်မှူးနှင့် လေယာဉ်အပိုင်းအစများအား ဆက်ရှာဖွေနေ
G-4 လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ-အင်တာနက်

 

ပုသိမ်၊ အောက်တိုဘာလ ၁၉ ။                  ။ ပျောက်ဆုံး တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်မှ လေယာဉ်မှူးနှင့် လေယာဉ်အပိုင်းအစများအား ဆက်လက်ရှာဖွေနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

"ဂွမြို့နယ်၊ ရခိုင်ပြည်နယ်မှာတွေ့တယ် ကျွန်တော်တို့ ပုသိမ်မြို့အစပ် အဆက်အသွယ်ပြတ်တောက်သွားတဲ့ နေရာ ၅ မိုင်ခန့်အကွာမှာ တွေ့ရှိတယ်လို့ ကြားရပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မကျည်းစင် ဧရိယာ အစပ်မှာတွေ့ရှိရတယ်။ လောလောဆယ်တော့ လေယာဉ်မှူးတွေတော့ မရှိရသေးပါဘူး။ လေယာဉ်မှူးတွေနဲ့ ပစ္စည်းအပိုင်းအစတွေကို ဆက်လက်ရှာဖွေသွားနေဆဲ   ဖြစ်ပါတယ်”ဟုဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်

ယမန်နေ့က တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်၏ အပိုင်းအစများအား  တစ်လကျော်ကြာပျောက်ဆုံးပြီးနောက် ဂွမြို့၏ တောင်ဘက်၁၂ မိုင်ခန့်အကွာ  အောက်တိုဘာလ ၁၇ ရက်နေ့က  ပြန်လည်တွေ့ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လေယာဉ်အစိတ်အပိုင်းအချို့ တွေ့ရှိရာတွင်  G-4 ဂျက်လေယာဉ်၏ လေယာဉ် ဦးခေါင်းအစိတ်အပိုင်း၊ ဘီး ၁ လုံး၊  တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစများနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူးတို့အား ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့််အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဂျက်လေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးတို့ ပျောက်ဆုံးနေသေးပြီး ကျန်ရှိလေယာဉ်အစိတ်အပိုင်းတု့ိအား ဆက်လက် ရှာဖွေလျက် ရှိကာ အကြောင်းအရင်းကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly