ရေဘေးသင့် ဒေသမှ အမျိုးသမီးများ အသံ

ရေဘေးသင့် ဒေသမှ အမျိုးသမီးများ အသံ

ဇူလိုင်လကုန်ပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ နေရာအနှံ့ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ရေဘေးသင့်သူ အရေအတွက်မှာ တစ်သန်းကျော် ရှိပြီဖြစ်သည်။

aရဘေးသင့်သူများအတွက် အကူအညီများ ပေးအပ်လျှက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး မဇ္ဈိမက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ရှိရေဘေးဒုက္ခသည် စခန်းနှင့် မကွေးတိုင်းရှိ ကံမမြို့ရှိကျေးရွာ များအတွင်းရှိ ရေဘေးသင့်ဒေသများမှ အမျိုးသမီးများ၏ အသံများကို မေးမြန်းထားပြီး စုစည်းဖော်ပြပေးထားသည်။

မနီလာအောင် (မီးတိုင်ကုန်းရွာ - ကလေးသုံးဦး မိခင် - ဥက္ကံမြို့နယ်)  

‘ရေမြှုပ်သွားတာ၊ သူများဆီမှာ တဲလေးထိုးပြီးနေရတယ်။ သူများရွာမှာပေါ့။  အိုးတွေခွက်တွေ အကုန်ပေါ့နော်။ ဆောင်တွေခြင်ထောင်တွေ အကုန်ပါတာပေါ့။ အကုန်လုံးရေထဲ မျောပါသွားတာ။ ဘာမှကိုမပါဘူး။ ဒီကိုရောက်တော့မှ အကုန်လုံးပြန်ရတယ်။ သုံးရက်လောက်ပဲရှိသေးတယ် အမဒီကို (ကယ်ဆယ်ရေး စခန်း) ရောက်တာ။  ရေကြီးတော့ ဒီကလေးနို့ဖိုးကော သွားသွားရှာနေရတာပေါ့နော်။ သူတို့သုံးကောင်ကိုရှာ ကျွေးနေရတာ အသွားအလာခက်ခဲ့တာပေါ့နော်။  အိမ်လေးတစ်လုံးလောက် ဆောက်ပေးစေချင်တယ်။ အိမ်လေး မရှိတဲ့အတွက်ပေါ့နော်။ အိမ်ကလေး မဆောက်နိုင်တဲ့အတွက်ပေါ့။ အခုလက်ရှိကတော့ အကုန်လုံးတော့ ပြည်စုံ နေပါတယ်။ စားဖို့ သောက်ဖို့ကော အကုန်လုံးပြည့်စုံနေပါတယ်။အခုသမီးတို့ ဒီမှာ ရေပြန်ကျလို့ ပြန်တဲ့အခါကျရင် နေဖို့အိမ်မရှိတော့ နေဖို့ခက်ခဲတယ်ပေါ့။ သမီးအနေနဲ့လည်း အိမ်တစ်လုံးက ပြန်မဆောက်နိုင်ဘူး’  

မသက်မာလင်း (ကော့ကျေးရွာ - ဥက္ကံမြို့နယ်)

ညီမတို့မိသားစုက ရှစ်ယောက်ရှိတယ်။ သမီးအမေက အောက်ပိုင်းချိနေတယ်။ မလာနိုင်ဘူးဒီကို၊ အိမ်ကလည်း ရေမြှုပ်နေတယ်၊ အဘကြီးတို့အိမ်ပေါ်တင်ခဲ့ရတယ်။  စားဖို့နဲ့ နေထိုင်ရေးက သမီးတို့ အတွက် အဆင်မပြေဘူး။ ဒုက္ခတော်တော်ရောက်တယ်။ သမီးမောင်လေးက ထမင်းချက်ပြုတ်ကျွေးရတယ်၊ ကျောင်းတက်နေရင်းနဲ့ပေါ့ လေးတန်း။ သမီးတို့ကမပြေလည်တော့ အပြင်အလုပ်ထွက်လုပ် ရတယ်။ အိမ်မှာက ကိုကိုတစ်ယောက် ပဲကျန်နေခဲ့တယ်။ မောင်လေးတစ်ယောက်ကလည်း မပြေလည်တော့ စာရင်းငှားလုပ်နေတယ်။ သူများအိမ်မှာ။   ရေကြီးလိုက်တော့ အမကြီးရယ်ရေဘေးကယ် ဆယ်ရေးတွေလာတော့ နဲနဲ တော်သွားတာပေါ့ မလာရင် သမီးတို့တွေ ငတ်ပြတ်ပြီးသေကျမှာ။ အလုပ်အကိုင်တွေလဲမရှိဘူးလေး မပြေလည်တော့။ အခုလောလောဆယ် ရေပြန်ကျသွားရင်တော့ ဘာအလုပ်အကိုင်မှမရှိတော့ ဘာတွေနဲ့စားသောက်ရမလဲဆိုတာ သမီးတို့မှာ မတွေးတက်တော့ပါဘူး။

ဒေါ်သိန်းငွေ ( ရွှေတောရွာ - မကွေးတိုင်း)

အမေဒီရွာမှာနေတာ ၅၈ နှစ်ရှိနေပါပြီ။  အမေ့အသက် ၃၄ နှစ်အချိန်မှာ ဆိုလို့ရှိရင်လည်း အိမ်ပေါ်မှာ နှစ်ထစ်ပဲကျန်တော့တယ် (ရေမြှပ်တာ) ။ အကုန်လုံးကိုလည်း ဒုက္ခတွေများတွေ့ခဲ့ ရပါတယ်။နောက် တစ်ခါ တစ်ချီက ၄၈ နှစ်မှာ တစ်ခါတွေ့ရပါတယ်။ ဒီလိုအကြီးအကျယ်ကို ။ အခုလိုအများကြီးမှာ ၄၆ နှစ်မှာ တစ်ခါ တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကလည်း ဒီလိုပဲ ကလေးပေါက်စလေးတွေနဲ့ အကုန်လုံးမျော တာတွေကမျော အိုးတွေမျော ခွက်တွေမျောပေါ့ အဲဒီတုန်းကလည်း တွေ့ခဲ့ရပါတယ်။  ၆၄ ခုနှစ် တုန်းကလည်း  နှစ်ခါပြန်မြှုပ်ပါတယ်။ အခုလည်းဒီလိုပဲ နှစ်ခါပြန်လာပါတယ်။ အခုတစ်ခါမှာလည်း ခုနှစ်ရက်၊ တစ်ပတ်ပေါ့ အဲလိုကြာသွားပါတယ်။ ဒါပေမယ့် အချိန်မဟုတ်ပဲ လာတာကျတော့ ဘာကိုမှမယူနိုင်ကြဘူး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ နေခဲ့ရပါတယ်။  အကုန်လုံး ဒုက္ခတွေများကျပါတယ်။

ဝက်တွေနဲ့ နွားတွေနဲ့ နွားတွေဆိုဒီအတိုင်း ရွာတွေထဲကို ပြန်မလာနိုင်ကြသေးဘူး။ ကျွေးဖို့ကလို ထားဖို့ကလို အိမ်မှာ နှုန်းတွေကတင် အဲလိုတွေကို အခက်အခဲတွေက ကြုံနေပါတယ်။  အမေတို့မိသားစုက အခုလည်းအခက်အခဲကြုံနေတာပဲ အခုလည်း ပေးလို့ကမ်းလို့ ဒါတွေဟာ စားကြသောက်ကြပေါ့ ဘာမှလည်း လုပ်ချိန်ကိုင်ချိန်လည်း မရှိကြဘူးလေ။ ဒီလိုပဲသီးနံှတွေဆိုတာကလည်း စရုံစရသေးတာ အကုန်လုံးမြှုပ်သွားလိုက်တော့ နှစ်ခါကိုပြန်မြှုပ်လိုက်တော့  မျိုးတွေကစ ခဲယဉ်းနေကြတာ ။ တစ်ရွာလုံးမှာ ကိုင်းတွေမဟုတ်ဘူး လယ်တွေကော အကုန်မြှုပ်တာ အခုတစ်ခါပြန်ပြီး ပျိုးဖို့အတွက် တစ်ခါပြန် ရှာပေါ့နော် ဒုက္ခတွေအမျိုးမျိုးတွေ့ရတယ်ဆိုတာကို ပြောပြတာပါ။

ဒေါ်ခင်စန်းတင် (ရွှေတောရွာ - မကွေးတိုင်း)

‘နွားတွေကော အကုန်လုံးပေါ့ တိရိစ္ဆာန်တွေ အကုန်လုံး အခက်အခဲတွေ့သွားတာပေါ့။ အကုန်လုံး လုပ်ငန်းတွေကော အကုန်မြှုပ်သွားတာ ဘာမှကိုလုပ်စရာမရှိတော့ဘူး။ ကိုယ့်ကိုင်းပင် ရှိတာလေးတွေ လည်းမြှုပ်လေ။  အခုလောလောဆယ် ကိုင်းတွေလယ်တွေမြှုပ်သွားတယ်လေ။ အခုလောလောဆယ် အလုပ်မရှိတော့ဘူးလေ။ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့။ ဘာမှလုပ်လို့လည်းမရတော့ဘူး။ စားဝတ်နေရေးက ဒီလိုပဲလာလာပေးတယ်၊ ပို့ထားတာလေးတွေပေ့ါ ကိုယ့်အရပ်မှာတော့၊ အဲဒါတွေစားရတာပေါ့ အလုပ်မှမရှိတာ။ ဘာမှအလုပ်မရှိတော့ဘူးလေ။ ကိုယ်လည်း လုပ်လို့မရဘူး။

အခက်အခဲတွေကတော့ ပြောမနေနဲ့။ ညလည်းအိပ်လို့မပျော်ဘူးပေါ့၊ ချက်ဖို့ ပြုတ်ဖို့ စားဖို့ ထင်းကအစမရှိဘူး။ နေကလည်း မပူဘူးလေ တောက်လျှောက်မိုးကလည်းရွာတယ်လေ၊ ရေတွေကလျှံတယ် ရွာထဲမှာအကုန်လုံးရောက်တယ်လေ၊ အဲဒီတော့ ထင်းကအစ တအားကိုခဲယဉ်းတယ်။ ချက်ရပြုတ်ရတာတော့ ခက်ခက်ခဲခဲတွေပေါ့၊ အဲဒီလာပေးတာ လေးတွေကတော့ တောက်လျှောက်ပေးလို့ စားရပါ တယ်။ လွယ်လွယ်ကူကူ ထင်းကအစခဲယဉ်းတယ် ချက်ရပြုတ်ရတာတော့ ခက်ခက်ခဲခဲတွေပေ့ါ၊ အခုနောက်ရက်ပိုင်းမှာ နေပူလို့ ထင်းလေးတွေကလည်း လွယ်လွယ်ကူကူရသွားတာ၊  အမျိုးသမီးတွေလည်း ဒီလိုပါပဲ။ သူတို့လည်း အတူတူပေါ့။ ပိုပြီးတော့ ထူးပြီးတော့မလိုပါဘူး၊ ဒီစားဝတ်နေရေးပဲပေါ့။ ဒါပဲပေါ့ ဒီတောသူတောင်သားတွေကတော့၊ ပကာသနတွေ သိပ်မလိုပါဘူး သမီးရယ်။

ဒေါ်စန်းမာ (ရွှေတောရွာ - မကွေးတိုင်း)

ဒီမှာနေတာ ၂၅ နှစ်ရှိပါပြီ။အခုလို ရေဘေးကြုံရတာက သုံးလေခါလောက်ရှိပြီပေါ့။ ဟိုလေးခုနှစ်တုန်းကဆို နှစ်ခါရေပြန်ကြီးတယ်။ အဲဒီတုန်းကဆိုလည်း ကြီကြီးတို့အိမ်ကရေဆိုတန်းရောက် တာပဲ။ နွားတွေ၊ ဝက်တွေအကုန်လုံးတာပေါင်ပေါ်သွားထားပေါ့၊ ဒီနှစ်မျိုးဆို ကြီကြီးတို့ဆီမှာ ကိုင်းတစ်ကိုင်းပဲရှိတယ်။ ရွာနားမှာဆိုတော့ အနိမ့်ကုန်ဆိုတော့ အကုန်ပါသွားတယ်။

ယာဆိုလည်း မြင့်တဲ့နေရာလေးမှာ ထားပြန်တော့လည်း မိုးတွေကတအားသည်းကုန်တော့ ပဲတွေကပုတ်ကုန်တယ်။ ဘာမှကို ရောင်းချစားစရာ ကိုမရှိတာ။ နွေတုန်းကလည်း မိုးတွေခေါင်ပြီး စပါးမရဘူးပေါ့နော်။ အဲဒါနဲ့ပဲ အခု ပဲတီစိမ်းတွေ ပဲတွေရလိုရှိရင် လိုအပ်တာလေးတွေဝယ်စားမယ်လို့ စိတ်ကူးထားတာ အခုအဲတာတွေကလည်း ရေထဲပါသွားတော့ တော်တော်လေး အခက်အခဲတွေတွေ့တယ်။  … အခက်အခဲကတော့ စားဝတ်နေရေးပေါ့၊ ရေတို့ ရေသန့်တို့လိုတယ်ပေါ့နေယ်။ ပြီးတော့ ဆေးဝါးကအဓိကပေါ့။  အခုနေ လယ်တွေဘာတွေပြန်စိုက်ရမယ်ဆိုရင် ပျိုးတွေဘာတွေမရှိဘူးပေါ့ကွယ်။ အဲဒါတွေဝယ်ချမ်းရမယ်ပေါ့နော်။ လယ်စိုက်တောင်မငှားနိုင်တဲ့ အခြေအနေပေ့ါ၊

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags